နေပြည်တော် ဩဂုတ် ၂၄
နေပြည်တော် စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ကော်မတီဝင် ဦးထွန်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ရှိ ရေကြီးရေလျှံဖြစ်ပေါ်သည့် နေရာများကိုလည်းကောင်း၊ ပျဉ်းမနားမြို့ရှိ ၈၅ တံတား၊ ၆ လမ်းတံတား နှင့် ၉ လမ်းတံတား၊ ဘောဂသီရိကားဝင်းအတွင်းနှင့် ကျောက်ချက်တံတားအနီး ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်သည့် နေရာများကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ အေးမြင့်သာယာတံတားနှင့် ပုဗ္ဗသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်းမကြီးတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မိုးရွာသွန်းမှုများပြား၍ ရေစီးဆင်းမှုများပြားခြင်း၊ ရေမြောင်းများကျဉ်း၍ ရေစီးဆင်းမှုမနိုင်ခြင်းများဖြစ်ပေါ်ပြီး ကားလမ်းမပေါ်သို့ ရေများကျော်၍ရောက်ခြင်း၊ သဲနုန်းများ တင်ကျန်ခြင်းတို့ ဖြစ်ပေါ်သဖြင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ လုပ်သားများဖြင့် ရေမြောင်းများရှင်းလင်းခြင်း၊ လမ်းဘေးရှိချုံနွယ်နှင့် အမှိုက်များရှင်းလင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ဥတ္တရသီရိမြို့နယ်ရှိ စက်စက်ယိုချောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များမရှိစေရေးအတွက် ရှင်းလင်းခြင်း လုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ ရေတိုက်စားမှုကြောင့် လမ်းများပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ဂရုပြုစောင့်ကြည့်ရန်၊ လမ်းဘေးရှိမြက်များ၊ ချုံနွယ်များနှင့် အမှိုက်များ အမြဲမပြတ် ရှင်းလင်းရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်