နေပြည်တော် ဩဂုတ် ၂၃
စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အလုပ် သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်မှုဇုန်အသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
ဦးစွာ ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်မျှော်မှန်းချက်များချမှတ်၍ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော်ကောင်းမွန်သည့်အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စသည့်ရည်မှန်းချက် (၉) ရပ်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံအနေဖြင့် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့်ကွန်ဗင်းရှင်း (အမှတ်-၈၇)ကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အာဏာတည်ပြီးနောက် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၃ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့ အစည်းတစ်ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ် သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်ကိုးဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ် တစ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ တစ်ဖွဲ့စုစုပေါင်း ၃၀၄၂ ဖွဲ့ ဖွဲ့စည်းထားရှိပါကြောင်းနှင့် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းနိုင်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အား လျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများနစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်း ဆိုင်ရာထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း။
သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်
အွန်လိုင်းဖြင့် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ခုံသမာဓိအဖွဲ့ဝင်များနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့်အခက်အခဲများကို ဆွေးနွေးပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ် ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး အွန်လိုင်းဖြင့်တက်ရောက်လာကြသော ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့နှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ စက်မှုဇုန်အသီးသီး မှကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးမှာကြားကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်