မြောင်းမြ ဩဂုတ် ၂၃
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်အားပေးသည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့၊ တံခွန်တိုင်ကျေးရွာမှ ကရင်တိုင်းရင်းသားရိုးရာ သံစုံတီးဝိုင်းအဖွဲ့နှင့် အကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ကျင်းပရာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip ကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းသားလူငယ်များအနေဖြင့် ပညာကိုကြိုးစားသင်ယူကြရန် လိုအပ်သကဲ့သို့ မိဘ၊ ဆရာသမားများကိုလည်း ရိုသေလေးစားတတ်ရန် လိုအပ်ပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာမြင့်မားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နိုင်ငံတစ်ဝန်းလုံးတွင် စီစဉ်ကျင်းပပေးလျက် ရှိပါကြောင်း။
စာပေလေ့လာဖတ်ရှု
နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့်လူနှင့် တူကြောင်း၊ စာတတ်ပြီးစာပေလေ့လာ ဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြရမည်ဖြစ် ကြောင်း၊ ကျောင်းသားလူငယ်များသည် နိုင်ငံတော်၏အနာဂတ်သားကောင်း ရတနာများဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများသည် မိမိတို့အားလုံးကို အသိပညာဗဟုသုတများအား ပေးစွမ်းနိုင်သည့်အတွက် ငယ်စဉ်အချိန်ကပင် ဖတ်ရှုလေ့လာကြရန်လိုအပ်ပါကြောင်း၊ ယခုစာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များမှသည် စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာအောင် မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြောင်းမြမြို့ပေါ်ရှိ အခြေခံပညာအထက် တန်းကျောင်းနှင့် အလယ်တန်းကျောင်း များအတွက် DTH စလောင်း ငါးစုံ နှင့် DVB T2 Set Top Box ၁၅ လုံး တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူကြသည်။
ပေးအပ်လှူဒါန်း
ထို့နောက် စာကြည့်တိုက်တစ်တိုက် ဆောက်လုပ်ရန်အတွက် ငွေကျပ်သိန်း ၁၅၀ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးကပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
အသိပညာမြှင့်တင်ပေး
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မြောင်းမြမြို့သည် ပညာရေးနှင့်ပတ်သက်ပါက ထိပ်ဆုံးကရှိသည့် မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ အလားတူ အားကစားကဏ္ဍတွင်လည်း အားကောင်းသည့် မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ ထို့ပြင် မြောင်းမြခရိုင်သည် ပညာရေးဒီဂရီကောလိပ်၊ စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ သူနာပြုသင်တန်းကျောင်းတို့ကို အခြေတည်ဖွင့်လှစ်ထားခြင်းကြောင့် နိုင်ငံတော်အတွက်ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများကို ထိထိရောက်ရောက်ဖြင့် ပညာရှင်များမွေးထုတ်ပေးရာ မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကိုကျင်းပ၍ အသိပညာမြှင့်တင်ပေးခြင်းအားဖြင့် မြောင်းမြမြို့အား ပိုမိုတိုးတက်ပြည့်စုံ အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရှင်သန်ခိုင်မာသည့် ကျေးရွာစာကြည့်တိုက် ၃၂၃ တိုက် အတွက် သုတစာအုပ် ၆၄၆၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့်ဖျော်ဖြေ၍ စာရေးဆရာ မောင်လှိုင်းသစ် (ချစ်စရာမြေ) က “မြောင်းမြနှလုံးသား” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ကြည့်ရှုအားပေး
ထို့နောက် မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများက “ကျေးလက်သဘာဝတိုင်းဧရာအလှ” သီချင်းဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် ဖြိုးမြတ်အောင် နှင့် ရွှေတံဆိပ်ဆုရှင်များက “နှလုံးသားကို အလှဆင်ပါ” သီချင်းဖြင့်လည်းကောင်း၊ တံခွန်တိုင်ကျေးရွာမှ ကရင်တိုင်းရင်းသား သံစုံတီးဝိုင်းအဖွဲ့က တေးသံသာများတီးမှုတ်၍လည်းကောင်း၊ ကရင်တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကရင်ရိုးရာအကဖြင့်လည်းကောင်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာပြည်မှာစာပဒေသာ ဝေဆာစေ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်