ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို အစဉ်အမြဲတီထွင်ကြံဆ ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် တိုးတက်သောနိုင်ငံအဖြစ် တက်လှမ်းလာနိုင်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်မှုများကို လက်ရှိအနေအထားဖြင့် ကျေနပ်ရောင့်ရဲရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လုပ်ကိုင်နေကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထိုသို့လုပ်ကိုင်ကြရာတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်စွမ်းအားနှင့် သွင်းအားစုအခြေအနေ အမျိုးမျိုးအပေါ်တွင်မူတည်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို သမားရိုးကျလုပ်ကိုင်ဆောင်ရွက်ကြရာတွင် တိုးတက်မှုအခြေအနေကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ဖို့ လိုမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိသည်။ ဒေသအလိုက်၊ စိုက်ပျိုးသီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည်တို့ကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနေသလို စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရပ်များ တိုးပွားလာစေရေး အတွက် စိုက်ပျိုးမွေးမြူရေးပညာရှင်များ၊ ကျွမ်းကျင်သူများကို မွေးထုတ်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများ ဖြစ်သဖြင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြသော ပြည်သူများပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းလုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နေသလို ကုန်ထုတ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ပိုမိုအားကောင်းလာ စေမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်စပ်၍ သီးနှံအကြွင်းအကျန် ဘေးထွက်ပစ္စည်းများကို ပြန်လည်အသုံးချ၍ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ အခန်းကဏ္ဍကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်လျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ များစွာ အထောက်အကူပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၌ နှစ်စဉ် နွေစပါး၊ မိုးစပါး စုစုပေါင်းဧက ၁၇ သန်းခန့် စိုက်ပျိုးလျက်ရှိသည်။ စပါးစိုက်ပျိုးခြင်းမှ ပြည်တွင်းစားရေရိက္ခာ လောက်ငဖူလုံမှုရှိသည့်အပြင် အပိုအလျှံကို ပြည်ပသို့လည်းတင်ပို့ခြင်းဖြင့် နိုင်ငံ့ဝင်ငွေရရှိလျက်ရှိသည်။ ဆန်စပါးကို တန်ဖိုးရှိစွာ ထုတ်လုပ်လျက်ရှိသော်လည်း စပါးစိုက်ခင်းများကို ရိတ်သိမ်းပြီးနောက် ဘေးထွက် ပစ္စည်းအကြွင်းအကျန်များဖြစ်သည့် ကောက်ရိုးနှင့်ရိုးပြတ်များ၊ သီးနှံအကြွင်းအကျန်များကို တန်ဖိုးမဲ့ပစ္စည်းအဖြစ်သဘောထားပြီး ပြန်လည်အသုံးချရန် မစဉ်းစားမိဘဲ စွန့်ပစ်ဖျက်ဆီးလေ့ရှိကြသည်။
ဘေးထွက်ပစ္စည်းကောက်ရိုးနှင့် ရိုးပြတ်များ၊ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီး ရှင်းလင်းလေ့ရှိသဖြင့် ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းနှင့် ကမ္ဘာကြီးကို ပူနွေးစေခြင်း၊ မြေကြီးအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ သေဆုံးနိုင်ခြင်း၊ မြေဆီလွှာ၏ဂုဏ်သတ္တိများ ကျဆင်းသွားခြင်း၊ မြေဆီလွှာရှိ နိုက်ထရိုဂျင်နှင့် ဆာလဖာဓာတ်များ အငွေ့ပြန်ဆုံးရှုံးသွားခြင်း စသည့်ဆိုးကျိုးများကို ဖြစ်စေပါသည်။ အဆိုပါထိခိုက်မှုများကို လျှော့ချနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မူဝါဒချမှတ်ပြီး သီးနှံအကြွင်းအကျန်များကို အသုံးချ၍ တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစားအစာပြုလုပ်ရေး၊ မြေဆွေးပြုလုပ်သုံးစွဲရေး၊ ကောက်ရိုးစီမံခန့်ခွဲမှု အလေ့အကျင့်များ မြှင့်တင်ရေးအပြင် ကောက်ရိုးမှ မှို၊ စက္ကူပြုလုပ်ရေးကို အသိပညာပေးသင်တန်းများ ပေးလျက်ရှိသည်။
စပါးစိုက်ပျိုးရေးမှ ဘေးထွက်ပစ္စည်း အမြောက်အမြားထွက်ရှိသည့် ကောက်ရိုးကို ထိရောက်စွာ ပြန်လည်အသုံးချနိုင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ့စီးပွား၊ လူမှုစီးပွားမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။ ယခုအခါ အထွက်နှုန်းကောင်းမွန်သည့်မှိုမျိုးများ မွေးမြူထုတ်လုပ်ရေးဆိုင်ရာ သုတေသနပြုလုပ်ခြင်းနှင့် နည်းပညာပြန့်ပွားခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် လျက်ရှိသည်။ မှိုစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းသည် စိုက်ပျိုးရေးဘေးထွက်ပစ္စည်း သီးနှံအကြွင်းအကျန်များကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ အကျိုးရှိအောင် အသုံးချနိုင်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ အမြောက်အများထွက်ရှိနေသည့် ရိတ်သိမ်းပြီးကောက်ရိုးနှင့် ရိုးပြတ်များ၊ သီးနှံအကြွင်းအကျန်များကို အလဟဿမီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ လောင်စာတောင့် ၊ သဘာဝဓာတ်ငွေ့၊ စက္ကူ၊ မှိုစသည်ဖြင့် ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ၊ နိုင်ငံတော်နှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ကြီးစွာအထောက်အကူပြုနိုင်အောင် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် တီထွင်ကြံဆ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။