ရန်ကုန် ဩဂုတ် ၂၀
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအတွင်း သက်ဆိုင်ရာတိရစ္ဆာန်များ၏ ခြံဝင်းလှောင်အိမ်များတွင် တင်ဆက်ပေးနေသည့် Keeper Talk အစီအစဉ်သို့ လာရောက်လေ့လာနိုင်ကြောင်း အဆိုပါတိရစ္ဆာန်ဥယျာဉ်မှ ဖိတ်ခေါ်ထားသည်။
Keeper Talk အစီအစဉ်တွင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ(Keeper)များက ၎င်းတို့ ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်သည့် ဗဟုသုတများ၊ အသိပညာအကြောင်းအရာများ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် သဘာဝဂေဟစနစ်တွင် သက်ရှိများမှီတည်ချိတ်ဆက်နေမှုတို့ကို ပညာပေးပြောကြားသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)က အသိပေးထားသည်။
Keeper Talk အစီအစဉ်အား နေ့စဉ်နံနက် ၉ နာရီခွဲတွင် ငှက်ကြီးဝန်ပို၊ နံနက် ၁၀ နာရီခွဲတွင် မျောက်စပ်၊ နံနက် ၁၁ နာရီခွဲတွင် မြင်းကျား၊ မွန်းလွဲ ၁ နာရီခွဲတွင် ဘင်္ဂလားကျား၊ ၂ နာရီခွဲတွင် အာရှဆင်နှင့် ၃ နာရီခွဲတွင် ရွှေသမင်အစရှိသဖြင့် သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာတိရစ္ဆာန်လေးများ၏ ခြံဝင်းလှောင်အိမ်များတွင် တင်ဆက်ပေးသွားမည်ဖြစ်သည်။
Keeper Talk အစီအစဉ်ကို ကြည့်ရှုခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်သည့် ဗဟုသုတများ၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အသိအမြင်များတိုးပွားလာနိုင်မည်ဖြစ်၍ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်အပန်းဖြေလည်ပတ်ရင်း Keeper Talk အစီအစဉ်ကို ကြည့်ရှုရန်လည်း ဖိတ်ခေါ်ထားသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
MT