Skip to main content

စားသုံးဆီဖူလုံရေးမျှော်မှန်းချက်အတွက် သေချာသည့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုး

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်သကဲ့သို့ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်လည်း စိုက်ပျိုးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ ပြည့်စုံစွာရှိသည်။ သို့ရာတွင် ပြည်ပမှ တင်သွင်းသည့် ဈေးသက်သာသော စားအုန်းဆီများ ပြည်တွင်းဈေးကွက်တွင် နေရာယူလာချိန်မှစကာ ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးမှုများနှင့် ဆီစက်လုပ်ငန်းများ ကျဆင်းခဲ့ရသည်။ လက်ရှိအစိုးရလက်ထက်တွင် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးလာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးရန် ကြိုးပမ်းလျက်ရှိသည်။

ဆီထွက်သီးနှံများအနက် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများကို အားပေးဆောင်ရွက်သွားရန် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့သည်။ “နေကြာကို အမှန်တကယ်တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နေကြာမျိုးများရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း” လည်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုအခါ ဆီထွက်သီးနှံနေကြာကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ဧကများ လျာထားသတ်မှတ်ကာ နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်ဟု သိရသည်။ နေကြာကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှင့် ဆောင်း စိုက်ဧက ၁ ဒသမ ၀၉ သန်း စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားကာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနှင့် ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်းအထိ စိုက်ပျိုးသွားရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွင် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းဆောင်ရွက်ရန် အရင်းမပျောက်မတည်ငွေကျပ်ဘီလီယံ ၁၀၀ ကို လွှဲပြောင်းထည့်ဝင်ပေးထားရာ ပြည်တွင်းစားသုံးဆီဖူလုံရေးမျှော်မှန်းချက် အပြည့်အဝအောင်မြင်မှုရရှိစေရန် စနစ်တကျ အသုံးချသွားကြရမည်လည်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် ပြည်တွင်းထုတ်လုပ်သည့် စားသုံးဆီများအနက် မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကစားသုံးခဲ့ကြရာ နောက်ပိုင်းတွင် နေကြာဆီကို ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီအဖြစ် ပိုမိုသုံးစွဲလာကြသည်။ နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားတွင် ပါဝင်သည်။ နေကြာစေ့တွင် ပါဝင်သည့် ဗီတာမင်-စီနှင့် ဗီတာမင်-အီးတို့က ခန္ဓာကိုယ်မှ ကိုလက်စထရောများကို လျော့ကျစေပြီး နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါဖြစ်ပွားနိုင်မည့်အခြေအနေတို့ကို လျှော့ချပေးနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်အလှအပရေးရာတို့အတွက်လည်း နေကြာဆီက များစွာအထောက်အကူပေးနိုင်သည်ဖြစ်ရာ အရည်အသွေးနှင့်ထုပ်ပိုးမှုတို့ စံချိန်မီထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဈေးကွက်တွင် နေကြာဆီ၏ အခန်းကဏ္ဍကြီးမားလာမည့် အလားအလာကောင်းများလည်း ရှိသည်။

စားသုံးဆီသည် မိမိတို့နိုင်ငံတွင် ဒုတိယမြောက် အဓိကစားသုံးကုန်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ပြည်တွင်းဈေးကွက် မိမိဈေးကွက်ဖြစ်လာစေရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းတို့သည် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေး၊ ပြည်တွင်းစားသုံးမှု တိုးတက်မြင့်မားရေးနှင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးစသည့် အကျိုးရလဒ်ကောင်းများ ဆောင်ကြဉ်းလာနိုင်မည်ဖြစ်သည့်အလျောက် စားသုံးဆီစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူအားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။