နေပြည်တော် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ရှေးဟောင်းလေးမျက်နှာစေတီအား ဩဂုတ်လ ၁၈ ရက်တွင် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများထံ ဆက်သွယ်မေးမြန်းရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် တပ်မတော်လေကြောင်းသည် အဆိုပါနေ့ရက်တွင် ထိုမြို့နယ်များသို့ လာရောက်ပျံသန်းမှုမရှိခဲ့ကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာနေရာများကို ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်းနှင့် PDF အဖွဲ့များက တကောင်းမြို့တွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ရှေးဟောင်းလေးမျက်နှာစေတီ၏ ဘေးပတ်လည်နံရံများ ထိမှန်ပျက်စီးခြင်းသာဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူ ပြည်ဖျက်မိစ္ဆာခေါ် သာသနာဖျက်မိစ္ဆာများသည် ဗုဒ္ဓဘာသာဝင်တို့ ဗုဒ္ဓဘုရားရှင်ကိုယ်စား ပူဇော်သည့် ဥဒ္ဒိဿစေတီတော်များကို ရိုင်းစိုင်းစွာ အကြိမ်ကြိမ်ဖျက်ဆီးလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကိုးကွယ်ရာဘာသာများဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသည့် ဘာသာများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့သည် ကိုးကွယ်ရာဘာသာအလိုက် အားပေးမှု၊ ချီးမြှောက်မှု၊ ထောက်ခံမှုများသာ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည်မှာ မြန်မာသာမက ကမ္ဘာကပင် သိရှိပြီးဖြစ်သည်။ ယခုဖြစ်စဉ်တွင်လည်း ဗုဒ္ဓဘာသာဝင်များကို စိတ်နှလုံးမသာမယာဖြစ်အောင် တပ်မတော်ကို ထိုးနှက်အပုပ်ချရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားလုပ်ကြံဖန်တီးထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။