ရန်ကုန် သြဂုတ် ၁၈
မြန်မာ့ပန်းချီ၊ ပန်းပုဈေးကွက်အတွင်း အခန်းအလှဆင်ရာတွင် အသုံးများသည့် ပန်းချီကားအမျိုးအစားများအနက် ကနုကမာပန်းချီကားများကို စိတ်ဝင်စားသူများနေကြောင်း ပန်းချီ၊ ပန်းပုနှင့် မြန်မာမှုအနုပညာလက်ရာ အမျိုးမျိုးအရောင်းဈေးကွက်မှ သိရသည်။
စိတ်ဝင်စားမှုများ
“ဝါတွင်းဆိုတော့ ဈေးကွက်က နည်းနည်းပါးပေမယ့် ကျောက်စီပန်းချီကားတွေ၊ ကနုကမာပန်းချီကားတွေတော့ လောလောဆယ်အဝယ်များတယ်။ ရောင်းဝယ်အားရှိပြီး လူစိတ်ဝင်စားမှုများတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်ဝါဝင်သွားတော့ အိမ်တက်တို့၊ မင်္ဂလာဆောင်တို့ကလည်း နည်းနေပါတယ်။ ဝါဝင်တို့၊ မိုးတွင်းတို့ကတော့ အဲဒီလိုပါးတတ်တယ်။ ဝါဝင်တယ်ဆိုပေမယ့် တချို့ဆိုင်ဖွင့်ပွဲလေးတွေရှိတယ်၊ တချို့ကျတော့လည်း မွေးနေ့လေးတွေရှိတယ်၊ အဲဒီလိုမျိုးတွေဆို လာဝယ်ကြတယ်။
ရွှေခြည်ထိုးပန်းချီကားကိုလည်း လူစိတ်ဝင်စားကြပါတယ်။ ခုနကပြောသလို ကျောက်စီပန်းချီကားတွေ၊ ကနုကမာပန်းချီကားတွေကတော့ ရွှေခြည်ထိုးထက်ပိုပြီး ဈေးနှုန်းသင့်တင့်တော့ ပိုပြီးတော့ရောင်းရတာပေါ့” ဟု သုဝဏ္ဏရှိ BURMA ART ZONE ပန်းချီ၊ ပန်းပုနှင့် မြန်မာမှုအနုပညာလက်ရာအမျိုးမျိုးအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာ့ပန်းချီ၊ ပန်းပုလက်ရာများကို လူငယ်များစိတ်ဝင်စားမှုများလာကာ နိုင်ငံခြားသားများလည်း စိတ်ဝင်စားမှုရှိကြပြီး လာရောက်ကြည့်ရှုဝယ်ယူကြကြောင်း သိရသည်။
“အခုကတော့ ပန်းချီ၊ ပန်းပုတွေကို ဟိုးအရင်တုန်းကနဲ့မတူဘဲ လူငယ်တွေက အခုနောက်ပိုင်းမှာ စိတ်ဝင်စားမှုများလာကြတော့ ရောင်းလာရတယ်၊ ပြည်ပနိုင်ငံသားလည်း စိတ်ဝင်စားပြီးလာပါတယ်၊ သူတို့ဘယ်နိုင်ငံ သားလဲလို့တော့ အစ်မတို့က မမေးဘူး၊ ဒီမှာရှိတဲ့သူတွေ။ အလုပ်အကိုင်နဲ့ နေတဲ့သူတွေဖြစ်မယ်။ လာကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူဘူး၊ တချို့က ပန်းချီကို စိတ်ဝင်စားတယ်။ တချို့ကျတော့ ဆီဆေးတို့၊ ရေဆေးတို့ စိတ်ဝင်စားတယ်။ တချို့ကတော့ ရွှေချည်ထိုးစိတ်ဝင်စားကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး”ဟု ၄င်းကပြောသည်။
သတင်း-Thit Taw၊ ဓာတ်ပုံ - Nway Oo