Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်အရာထမ်းရာထူးများအတွက် ရေးဖြေစာမေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၁/၂၀၂၄ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၀)၏ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၅၃၃ နေရာရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေး မြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။

အဆိုပါရေးဖြေစာမေးပွဲကျင်းပနေမှုများကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်တို့သည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်သည် နေပြည်တော် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော်စာစစ်ဌာနသို့လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုးသည် မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းရှိ မွန်ပြည်နယ်စာစစ်ဌာနသို့လည်းကောင်း သွားရောက်၍ စာဖြေသူများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော ပြန်တမ်းဝင်အဆင့် အရာထမ်းရာထူးများကို စနစ်တကျ ရွေးချယ်ပေးလျက်ရှိရာတွင် ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန်ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသော ရေးဖြေစာမေးပွဲသို့ နိုင်ငံတစ်ဝန်းမှ လာရောက်ဖြေဆိုကြသူ စုစုပေါင်း ၁၇၄၂ ဦးရှိကြောင်း သိရသည်။

သတင်းစဉ်