ရန်ကုန် ဩဂုတ် ၁၇
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ဇနီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်စောဒန်နီရယ်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်ကိုးချက်တီးကာ ကရင်လူငယ်များကကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများ သယ်ဆောင်ခြင်း၊ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွားများအား စနစ်တကျဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများက ကရင်ရိုးရာ ချည်ဖြူဖွဲ့ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့က ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)