နေပြည်တော် ဩဂုတ် ၁၆
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းအခြေပြု ကျောင်းကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးသကဲ့သို့ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ (Healthy Lifestyles) အလေ့အထများ စွဲမြဲစေရန်နှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း၍ နှစ်စဉ်ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျောင်းကျန်းမာရေးဆိုင်ရာ သင်တန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပံ့ပိုးပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျန်းမာရေးအသိပညာပေးအထောက်အကူပစ္စည်းများ ထုတ်လုပ်ပံ့ပိုးပေးခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာမူလတန်းကျောင်းသားများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အထွေထွေကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းကိုလည်း ကျောင်းအခြေပြု ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသူ၊ ကျောင်းသားများ၏ ၉၅ ရာခိုင်နှုန်းကျော်အား သန်ချဆေးတိုက်ကျွေးခြင်းနှင့် အထက်တန်း၊ အလယ်တန်းကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်းကို အခြေခံပညာဦးစီးဌာန၊ သက်ဆိုင်ရာကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ဗလငါးတန် ဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေး အလေးပေး” ဆိုသည့်အတိုင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး အခြားဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ရှေ့ဆက်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကျောင်းကျန်းမာရေးလုပ်ငန်းများအား အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်သော တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ဆုချီးမြှင့်ခြင်း၊ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ်လှုပ်ရှားမှုဗီဒီယို ပြသခြင်း၊ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း (ဇမ္ဗူသီရိမြို့နယ်) တွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိစွဲမြဲကျင့်သုံးစေပြီး ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရေးအတွက် ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ကျောင်းသား ကျောင်းသူများက လက်ဆေးနည်းအဆင့်ဆင့် သရုပ်ပြခြင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ အာဟာရအုပ်စုသုံးစုအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်းအကြောင်းကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ရှင်းလင်းတင်ပြခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် သရုပ်ပြခြင်း၊ “ထမင်းဘူးမူ” ပြသခြင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များက အလယ်တန်းကျောင်းသူများအား သံဓာတ်အားဆေးများ တိုက်ကျွေးခြင်း၊ KG ကျောင်းသား ကျောင်းသူများအား အာဟာရ (နို့၊ ကြက်ဥနှင့် ငှက်ပျောသီးများ) ပေးဝေခြင်း၊ မူလတန်းကျောင်းသား ကျောင်းသူများအား သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်းကို သရုပ်ပြခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းများ သရုပ်ပြခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့အပြင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအတွက် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော တစ်ကိုယ်ရေသန့်ရှင်းရေးအပါအဝင် အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုစစ်ဆေးခြင်း၊ ပဏာမမျက်စိကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်၍ ကျောင်းသားတစ်ဦးစီ၏ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်တွင် အတန်းအလိုက် ဖြည့်သွင်းထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်