Skip to main content

စက်သုံးဆီများ ယခုရက်ပိုင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိရေး ဆီအရောင်းဆိုင်များသို့ အလျင်အမြန် ရောင်းချပေးလျက်ရှိ

ရန်ကုန် ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင် ၂၁၀ ရှိရာတွင် စက်သုံးဆီဝယ်လိုအားများ သိသိသာသာမြင့်တက်လာရာ အချို့ဆိုင်များတွင် သိုလှောင်ကန်သို့ ဆီသယ်ယာဉ် ဆီဖြည့်သွားစဉ် ခေတ္တအရောင်းရပ်ထားခြင်းများကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်ဖြင့် ဝယ်ယူသုံးစွဲလိုမှု များပြားလာပြီး ယခုရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ အလျင်အမြန်ရောင်းချပေးထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူများက ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ရှိ စက်သုံးဆီသိုလှောင်ကန်စခန်းများ၌ စက်သုံးဆီကန်များအတွင်း စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေနှင့်  ဆီသယ်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းနေမှုအခြေအနေများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ လိုက်လံကြည့်ရှုစစ်ဆေးစဉ် အဆိုပါမြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား လတ်တလော စက်သုံးဆီရောင်းချနေမှုအခြေအနေများ၊ သိုလှောင်ကန်များအတွင်း ရောင်းချရန် စက်သုံးဆီသိုလှောင်ထားရှိမှုနှင့် အရန်စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများကိုလည်း အဆိုပါတာဝန်ရှိသူများက ဆက်လက်တင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှ ဆီသယ်ယာဉ်များအပေါ်သို့ ဆီဖြည့်သွင်းသည့်စနစ် အားနည်းချက်မရှိရေး၊ အစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက်မြန်ဆန်ရေးသည် အကောင်းဆုံးဖြစ်၍ ဆောင်ရွက်ကြရန်၊ အမြန်ဆုံးချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများ၊ ဆီဖြည့် Terminal များ၊ ဆီဘောက်ဆာကားများမှ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်သုံးဆီသိုလှောင်ကန်စခန်းများဖြစ်သော မြတ်မေတ္တာမွန်၊ မက်စ်မြန်မာ၊ Brighter Energy Terminal ၊ ပိတောက်ရွှေဝါတို့တွင် ဆီဆိုင်များသို့ ပေးပို့ရန် ဆီသယ်ယာဉ်များပေါ်သို့ ဆီဖြည့်တင်းနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)