Skip to main content

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့် ဖြူးဘူတာကြား မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးကင်းလှည့်သံလမ်းပြေးယာဉ် (RGC- 89) လမ်းချော်ကျမှုဖြစ်ပွားပြီး လူစီးရထားနှင့်ကုန်ရထားများ ကြန့်ကြာမှုဖြစ်

နေပြည်တော် ဩဂုတ် ၁၅

ယနေ့နံနက် ၁ နာရီခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ် (RGC-89) သည် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်ပင်သာနှင့် ဖြူးဘူတာအကြားအဆန်လမ်းမိုင်တိုင်အမှတ် (၁၃၂) ကြေးနန်းတိုင်အမှတ် ၅ နှင့် ၆ အကြား၌ ဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့်ဖောက်ခွဲခဲ့သဖြင့် သံလမ်းပြေးယာဉ် (RGC-89) လမ်းချော်ကျမှုဖြစ်ပွားခဲ့ရခြင်းကြောင့် လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီရောက်ရှိပြီး နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော သံလမ်းပြေးယာဉ်အားမတင်၍ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်းပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆန်ရထားလမ်း၏ အရှေ့ဘက်သံလမ်းနှင့် ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသေးသည့် အစုန်ရထားလမ်း၏ အနောက်ဘက် သံလမ်းများ ၃ပေခန့်စီ ပြတ်ထွက်၊ ကွန်ကရစ်ဇလီဖား ၁၅ တုံးနှင့် သံလမ်းပြေးယာဉ်၏ ဘာဖာရှပ်တန်းကျိုးသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် အမှတ်(၁)အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် နံနက် ၈ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း ညောင်လေးပင်ဘူတာသို့ အသီးသီးရောက်ရှိရပ်တန့်စောင့်ဆိုင်းခဲ့ရပြီး၊ အမှတ်(၁၁)အဆန် လူစီးအမြန်ရထားသည် နေ့လည် ၁၁ နာရီ ၄၅ မိနစ်နှင့် အမှတ်(၁)အဆန် စာပို့ရထားသည် နေ့လည် ၁၂ နာရီ ၇ မိနစ်တွင် ညောင်လေးပင်ဘူတာမှ အသီးသီးပြန်လည်ထွက်ခွာနိုင်ခဲ့သဖြင့် အမှတ်(၁၁)အဆန် အမြန်ရထားသည် ၂ နာရီ ၂ မိနစ်နှင့် အမှတ်(၁)အဆန်စာပို့ရထားသည် ၃ နာရီ ၃၂ မိနစ် အသီးသီးကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။

ထို့အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲနေသည့် အမှတ်(၉၀၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာ၌ နံနက် ၇ နာရီ ၅ မိနစ်မှစ၍ စောင့်ဆိုင်းခဲ့ရသည်။ လမ်းပိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား ယနေ့နေ့လည် ၁ နာရီခွဲ၌ ဆောင်ရွက်ပြီးစီး၍ ဖြူး-ညောင်လေးပင် ရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ရထားများပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။