နေပြည်တော် ဩဂုတ် ၁၄
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ည ၇ နာရီ ၁၀ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့်အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ညပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား Horizon Lake View ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည်ခံခဲ့သည်။
သတင်းစဉ်