Skip to main content

ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်းနှင့် စုပြုံတန်းစီဝယ်ယူနေသည့် အရောင်းဆိုင်များအပြင် တန်းစီဝယ်ယူမှုနည်းပါးသည့် အခြားအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိ

ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ထို့အပြင် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Online Media များနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့် ပြန်လည်ရောင်းချရန်ဝယ်ယူခြင်းတို့ မပြုလုပ်ကြပါရန်၊ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါရန်နှင့် အရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီဝယ်ယူနေခြင်းအစား တန်းစီဝယ်ယူမှုနည်းပါးသည့် ပတ်ဝန်းကျင်ရှိ အခြားအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုးဆော်ထားပါကြောင်းနှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် မရောင်းချခြင်းမျိုး မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။