Skip to main content

အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်

ရန်ကုန် ဩဂုတ် ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံ တွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခမ်းဘွာအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မခမ်းဘွာသည် ဩဂုတ် ၁၂ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၅၅ မိနစ်တွင် ဘဂ္ဂဒက်မြို့မှ ဘာရိန်း - ဘန်ကောက် - ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ဩဂုတ် ၁၃ ရက် ညနေ ၆ နာရီ တွင် ပြန်လည်ရောက်ရှိခဲ့သည်။

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့အမိနိုင်ငံ သားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ကနူး