နေပြည်တော် ဩဂုတ် ၁၂
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးပြီး စက်ရုံစားရိပ်သာ၌ ကျင်းပသည့် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက်လိုအပ်သော သံမဏိထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်၍ မိမိတို့၏အလုပ်ကို ဂုဏ်ယူစွာဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် တစ်ဦးချင်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်ရန်လိုအပ်၍ လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် ကြရန် လိုအပ်ပြီး အသိပညာများကိုလည်း ဝန်ထမ်းအချင်းချင်း ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းတိုင်းတွင် ဆောင်ရွက်စဉ်အခက်အခဲများသည် မလွဲမသွေရင်ဆိုင်ကြုံတွေ့ကြရ မြဲဖြစ်ရာစုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေစဉ်တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးနှင့် အရာထမ်းများ၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ပညာရှင်များ လာရောက်စစ်ဆေးမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်၊ အချိန်ဇယားတို့ကို လက်တွေ့ကျကျ ရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ စက်ရုံမှူးက ခါးပြတ်မီးဖိုတည်ဆောက်၍ သံရည်ကျိုလုပ်ငန်းများ စမ်းသပ်ဆောင်ရွက်နေမှု၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းအဖွဲ့က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လျှပ်စစ်နှင့် ဘွိုင်လာများ စစ်ဆေးခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယရေတွန်းအလုပ်ရုံရှိ ရေဂါလန် ၄၆ သိန်းဆံ့ ရေကန်သို့ သန့်စင်ပြီးရေများ တင်ပို့နေမှု၊ အလို အလျောက်မီးငြှိမ်းသတ်ရေးအလုပ်ရုံရှိ စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုအခြေအနေ၊ သံရည်ကျိုအလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်