ပေါင်းတည် သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ယခုနှစ်စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်လျက်ရှိသည်။
ယခုနှစ်တွင် မြို့နယ်အတွင်း စိုက်ပျိုးမြေများ၌ မိုးစပါးလျာထားချက်ပြည့်မီ အောင် စိုက်ပျိုးခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စုစုပေါင်းမိုးစပါး ၇၃၅၁၄ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ၏ ညွှန်ကြားမှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းဦးဆောင်သည့် စိုက်ပျိုးရေးကြီးကြပ်မှုဝန်ထမ်းများကလည်း တောင်သူများအား ဓာတ်မြေသြဇာ စနစ်တကျသုံးစွဲနည်းများ၊ မြေဆီသြဇာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သဘာဝမြေသြဇာကို အချိုးကျထည့်သွင်းအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာကာ စပါးအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်စေကြောင်းနှင့် ဒေသအတွင်းစိုက်ပျိုးခင်းများ၌ ကျရောက်တတ်သည့် ရွှေခရုအန္တရာယ် ရှင်းလင်းသုတ်သင်နည်းလမ်းများ၊ ရိတ်သိမ်းရာတွင် အလေအလွင့် မရှိစေရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက် )