Skip to main content

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၇

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ချီးမြှင့်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း - MWCDF အနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဝမြင့်မားရေးတို့ကို အလေးပေးဆောင်ရွက်နေသည်မှာ (၁၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ MWCDF ၊ အိန္ဒိယနိုင်ငံ Barefoot College နှင့် မြန်မာနိုင်ငံ အိန္ဒိယသံရုံးတို့ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆိုလာနည်းဖြင့် မီးရရှိစေရေးစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ်များ အခွင့်အရေးများ ရရှိစေရေးအတွက် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် ပြုစုလေ့ကျင့်ပေးနိုင်ရေးကို အဓိကထားကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့် ကောင်းမွန်စွာဆက်ဆံခြင်းစီမံကိန်း (Good Treatment Project) ကိုလည်း အသင်းတည်ထောင်သည့် ကာလအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း

အမျိုးသမီးကော်မတီများ ဖွဲ့စည်းထားရှိရာတွင် ပြည်ထောင်စုအဆင့်မှာသာမက ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် ခရိုင် ၁၃ ခုတို့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂) ကို ဦးဆောင်ကော်မတီ (၁) ရပ်နှင့် လုပ်ငန်းကော်မတီ (၁၂) ရပ်တို့ဖွဲ့စည်းကာ စီမံကိန်းကိုရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းအနေဖြင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ကလေးသူငယ်များ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ တိုက်ပွဲရှောင်နှင့် သဘာဝဘေးသင့် ပြည်သူများအတွက် လှူဒါန်းမှုများ၊ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးဦးဆောင်အိမ်ထောင်စုများအတွက် သက်မွေးသင်တန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကို အစီရင်ခံစာများအရသိရှိရပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ၏ လုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှု၊ ဒေသအဆင့်ဆင့်တွင်ရှိသည့် အမျိုးသမီးကော်မတီ များအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းအပါအဝင် အမျိုးသမီးအဖွဲ့အစည်းများအားလုံး၊ မိတ်ဖက်အဖွဲ့အစည်း များအားလုံးကလည်း မဟာဗျူဟာစီမံကိန်း ရည်မှန်းချက်များပြည့်မီအောင် ယခုထက်ပိုမိုပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းက “ရှေ့သို့လှမ်းချီ အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆီ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဆောင်ပုဒ်ဖြစ်သော “လုံခြုံလှပ ဘဝများ အမျိုးသမီးနှင့် ကလေးများရစေသား” Documentary Movie နှင့် ကောင်းမွန်စွာဆက်ဆံခြင်းမှသည် ပြောင်းလဲခြင်းဆီသို့ ဦးတည်ဆောင်ရွက်သည့် အသင်း၏ လှုပ်ရှားမှုမှတ်တမ်းကိုပြသသည်။

ဆုများပေးအပ်ချီးမြှင့်

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ပဲခူးတိုင်းဒေသကြီးမှ ဆောင်းပါးဆုများရရှိသူနှင့် ရှမ်းပြည်နယ်မှ လူမှုရေးထူးချွန်ဆုရရှိသူတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ကချင်ပြည်နယ်မှ လူမှုရေးထူးချွန်ဆုရရှိသူကို ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ကချင်ပြည်နယ်မှ World Vision Inter-national Founder Award ရရှိသူကို ဆုချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့သည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းပြခန်းနှင့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာ အားပေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်