Skip to main content

သီးနှံရည်မှန်းချက်အောင်မြင်ရေးကြိုးပမ်း

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနှင့် ဝါသီနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနှင့် နို့စားနွားမွေးမြူရေးတို့သည် နိုင်ငံအတွက်အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်။ ယင်းလုပ်ငန်းများသည် နိုင်ငံအတွက်အကျိုးရှိသဖြင့် လက်ရှိကာလတွင်တွန်းအားပေး၍ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်ကတိုက်တွန်းနှိုးဆော်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းမှထွက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းများသာမက ပြည်ပမှတင်သွင်းသော နို့နှင့်နို့ထွက်ပစ္စည်းများကိုပါ နေ့စဉ်အသုံးပြုနေကြသည်။ ပြည်တွင်း၌ထွက်ရှိသော နို့နှင့် နို့ထွက်ပစ္စည်းများကို လုံလောက်ပိုလျှံအောင်ထုတ်လုပ်ပြီး အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းနေရသည့် နို့နှင့်နို့ထွက်ပစ္စည်းများကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့အပြင် စားသုံးဆီနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်သည့် စက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းတို့ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည်။ စားသုံးဆီတွင် မြေပဲဆီမှာအကောင်းဆုံးဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပသို့လည်းတင်ပို့လျက်ရှိသည်။ ဈေးကွက်ဝင်ပြီး ပြည်ပသို့လည်းတင်ပို့နိုင်သည့် မြေပဲဆီအထွက်နှုန်းကောင်းစေရန်အတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။ သို့သော် မြေပဲအထွက်နှုန်းမှာ ပြည့်မီခြင်းမရှိပေ။ စိုက်ပျိုးထုတ်လုပ်ရာ၌ ကုန်ကျစရိတ်များပြားပြီး ဆီကြိတ်ရာတွင်လည်း ဆီကြိတ်စက်များ၏ အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုကောင်းမွန်စေရန် လိုအပ်လျက်ရှိသည်။ ယင်းတို့ကို ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ဆီထွက်တိုးလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အလားတူ နေကြာသည်လည်း ပြည်တွင်း/ပြည်ပ ဈေးကွက်ရှိသည့် ဆီထွက်သီးနှံပင်ဖြစ်သည်။ ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်၍ ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်လေးချက်ဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုတိုးတက်ကောင်းမွန်လာရန် တောင်သူများကို အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နေကြာကို အမှန်တကယ် တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းသည့် သီးနှံဖြစ်ရာ နေကြာစိုက်ပျိုးရေးကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ သီးထပ်များပါ စိုက်ပျိုးသွားကြရန်လိုသည်။

မြန်မာနိုင်ငံသည် ဆီထွက်သီးနှံများနှင့်ပတ်သက်၍ အခြေခံကောင်းများ၊ အစဉ်အလာကောင်းများရှိသည်။ ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားနိုင်မည်ဆိုပါက ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိလာပြီး ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးမှုကို အစောပိုင်းက အကောင်အထည်ဖော်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများမအောင်မြင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးရေးမှထွက်ရှိသည့် ဆီကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ် သုံးစွဲနိုင်သဖြင့် ဆီအုန်းစိုက်ပျိုးမှု တိုးတက်ကောင်းမွန်လာရေးနှင့် စားသုံးဆီချောထုတ်လုပ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

ဝါသီးနှံမှာလည်း အလားတူဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါကိုရှေးအစဉ်အဆက် စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ ယမန်နှစ်က ဝါစိုက်ဧကငါးသိန်းခန့်သာရှိပြီးအထွက် နှုန်းလျော့နည်းခဲ့သည်။ ဝါသီးနှံကို ယခင်ကစိုက်ပျိုးခဲ့သည့် စိုက်ဧကခုနစ်သိန်း ပြည့်မီအောင် စိုက်ပျိုးကြရမည်ဖြစ်သည်။ ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် တစ်ခေတ်ဆန်းသစ်အောင် ပြုလုပ်ကြရန်လိုသည်။ ဝါမှ ချည်မျှင်နှင့် အထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ကျယ်ပြန့်စွာပြုလုပ်နိုင်သည်။ အရည်အသွေးမီ ဝါစိုက်ပျိုးပြီး ပြည်ပသွင်းကုန် အစားထိုးနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဝါစိုက်ပျိုးထုတ်လုပ်ရေးတွင် ဝါမှ ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို)နှင့် ဝါစေ့များထွက်ရှိပြီး ဝါစေ့မှ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သည်။ ဝါဂွမ်းကို ချည်မျှင်ရှည်ဝါများဖြင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်ရန်လိုသည်။ ဝါစေ့ဆီမှ ဆီထုတ်လုပ်ခြင်း၊ ဆီထွက်သီးနှံများမှ ဆီထုတ်လုပ်ခြင်းတို့အတွက် အရည်အသွေးကောင်းမွန်စေမည့် ဆီကြိတ်စက်များလိုအပ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အရင်းအမြစ်ကောင်းများရှိသော်လည်း စက်မှု၊ နည်းပညာ၊ အရင်းအနှီးလိုအပ်ချက်များကြောင့် အားနည်းချက်များရှိနေရာ နိုင်ငံတော်၏ကူညီမှုဖြင့် လိုအပ်ချက်များကိုဖြည့်ဆည်းပြီး ရည်မှန်းထားသည့်အတိုင်း အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      ။