Skip to main content

ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံရန်ကျန်ရှိသည့် အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများကို အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအပေါ် ကွင်းဆင်းကြည့်ရှု တွေ့ရှိချက်များ ပြန်လည်တင်ပြခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် UNICEF ၊ WHO အဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် “ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံရန်ကျန်ရှိသည့် အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများကို အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအပေါ် ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များ ပြန်လည်တင်ပြခြင်း အစည်းအဝေး” ကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) နေပြည်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိခဲ့သော ကလေးငယ်များအတွက် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုး ရက်သတ္တပတ်၏ theme မှာ “The Big Catch-up” ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံးရှိ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကာကွယ်ဆေးလုံးဝမရရှိသူနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသူကလေးငယ်များအတွက် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုကာကွယ်ဆေးထိုးဆေးနှင့် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများအား အမီလိုက်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲ၊ GAVI ၊ UNICEF ၊ WHO ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group, NITAG) တို့ ပူးပေါင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ၂၀၂၄ ခုနှစ် ဧပြီလတွင် ပထမအကြိမ်၊ ဇွန်လတွင် ဒုတိယအကြိမ်နှင့် ယခုဩဂုတ်လတွင် တတိယအကြိမ် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ် ၁၈၅၃၀၆ ဦးအနက် ၁၂၇၃၁၄ ဦးကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီး ဖြစ်ပါကြောင်း။

ဆက်လက်၍ ကျန်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲနှင့် UNICEF ၊ WHO မှ တာဝန်ရှိသူများ ပူးပေါင်း၍ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်မှုကို ကွင်းဆင်းကြီးကြပ်ခြင်း (Joint Supervision) ကို ဩဂုတ်၁ ရက် မှ ၅ ရက်အထိ ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များမှတစ်ဆင့် လိုအပ်ချက်များ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေး၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထောက်အကူပြုအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်သစ္စာလွင်က နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှရုံးခွဲ (SEARO) မှ Technical Officer (Vaccine Preventable Disease), Dr. Sigrun Roesel နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ Immunization Manager Dr. Ruhul Amin တို့က ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်