Skip to main content

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

နေပြည်တော် ဩဂုတ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပေးနေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းနိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းချက်ပြုတ်ကြော်လှော်ပြီး ထုပ်ပိုးပြင်ဆင်ဆောင်ရွက်မှုများကို ဩဂုတ် ၄ ရက်က ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမင်းထွဋ်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

သွားရောက်ပေးပို့လှူဒါန်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ငါးနီတူခြောက်ကြော်ထုပ် ၁၁၅၀၊ ဗာလချောင်ကြော်ထုပ် ၁၀၀၀၊ ခေါက်ဆွဲခြောက်ထုပ် ၅၄၀၀၊ အမဲသားဘူး ၁၀၀၀၊ ငါးသေတ္တာဘူး ၁၀၀၀၊ ပဲဘူး ၁၀၆၀၊ ငါးပိထောင်းဘူး ၁၅၂၀၊ လက်ဖက်နှင့် အကြော်ထုပ် အထုပ် ၅၀၀၀ နှင့် ငွေသားကျပ်သိန်း ၁၅၀ တို့ကို ဩဂုတ် ၅ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာသို့ သွားရောက်ပေးပို့လှူဒါန်းခဲ့သည်။

ထို့အတူ ဩဂုတ် ၅ ရက် နံနက်ပိုင်း တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ရှေ့တန်းစခန်းအသီးသီးသို့ပေးပို့နိုင်ရေး စိတ်အားထက်သန်စွာ စုပေါင်းပြင်ဆင်ထုပ်ပိုးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မေတ္တာစာလွှာများရေးသား

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နန်းမြိုင်ကော်ဖီမစ်အထုပ် ၃၀ ပါ အထုပ်ကြီး ၁၀၀၊ ရွှေဖီဦးလက်ဖက်ရည်အထုပ် ၃၀ ပါ အထုပ်ကြီး ၁၀၀၊ Calsome ကွေကာအထုပ် ၃၀ ပါ အထုပ်ကြီး ၂၀၀ ၊ ဆန်ပြုတ်အထုပ် ၉၀၀၊ ဆန်ကွတ်ကီး အထုတ် ၁၀၀၊ Lucky ဘီစကွတ် အထုပ် ၁၀၀၊ ခေါက်ဆွဲပြုတ် အထုပ် ၃၀ ပါ ပုံး ၁၀၀၊ ခေါက်ဆွဲဆီချက်အထုပ် ၃၀ ပါ ပုံး ၁၀၀၊ ခေါက်ဆွဲချဉ်စပ်အထုပ် ၃၀ ပါ ပုံး ၁၀၀၊ ငါးပိထောင်းထုပ် အထုပ် ၅၈၀၊ ပင်ပျိုရွက်နု လက်ဖက်အထုပ် ၁၀၀၊ ဇင်ချောင်းဟင်းရည်ထုပ် ၁၀ ပုံး၊ ပုဇွန်ခြောက် ငံပြာရည်ကြော်အထုပ် ၁၀၀၊ ဇလုံကြီးဟင်းအနှစ် အထုပ် ၂၅၀၀၊ တန်ဂိုချောကလက်အတောင့် ၁၀၀၊ Fun-O ချောကလက်ဝေဖာထုပ် ၁၀၀၊ Red Ruby စီးကရက်ဘူးအတောင့် ၁၀၀၊ သန်းခေါင်စာရင်းတီရှပ်အထည် ၁၀၀၀ နှင့် ဆေးမျိုးစုံတို့ကို ပေးပို့လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်ဖြင့် ရှေ့တန်းစစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့များအား ကျန်းမာစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်းနှင့် တရားသောစစ်အောင်မြင်ပါစေကြောင်း စိတ်ဓာတ်ခွန်အားဖြစ်စေမည့် ဆုတောင်းမေတ္တာစာလွှာများကိုလည်း ရေးသားထည့်သွင်းပေးပို့ခဲ့ကြသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် စုစုပေါင်းငွေကျပ်သိန်း ၂၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာ ၁၉ မျိုးကို တာဝန်ရှိသူများ နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးပို့ လှူဒါန်းခဲ့ကြသည်။

လိုက်လံကြည့်ရှုအားပေး

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကလည်း ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လိုက်လံကြည့်ရှုအားပေးကြသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ငါးခြောက်ထောင်းကြော်၊ ငါးနီတူခြောက်ကြော်၊ အာဗြဲခြောက်ကြော်၊ ပုစွန်ခြောက်ကြော်၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ကွေကာအုပ်ထုပ်များ၊ ကော်ဖီမစ်ထုပ်များ၊ တီးမစ်ထုပ်များ၊ လက်ဖက်နှင့်အကြော်စုံများ၊ ဟင်းဘူးများ၊ ငါးသေတ္တာဘူးများ၊ ဇလုံကြီးဟင်းအနှစ်ထုပ်များ၊ ငါးပိထောင်းဘူးများ၊ မုန့်မျိုးစုံများ၊ ဓာတ်ဆားထုပ်များ၊ ဆေးဝါးများနှင့် ဆေးပေါ့လိပ်များ စုစုပေါင်း ငွေကျပ်သိန်း ၈၄ သိန်း တန်ဖိုးရှိပစ္စည်းများကို ပေးပို့လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အတူ “ရှေ့တန်းရောက်တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပါစေ”၊ “တရားသောစစ် အောင်မြင်ပါစေ”။ “တပ်မတော်သားများရဲ့ အောင်မြင်မှု၊ ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကို ချစ်တဲ့ပြည်သူတွေ အများကြီးရှိနေပါတယ်”။ “တပ်မတော် သားများရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာ နိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။ 

စုပေါင်းချက်ပြုတ်ကြော်လှော်

အလားတူ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေးအတွက် ဩဂုတ် ၄ ရက်က ဝန်ထမ်းမိသားစုများ စုပေါင်းချက်ပြုတ်ကြော်လှော် ပြင်ဆင်ဆောင်ရွက်ကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြသည်။

တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မိသားစုများက ဗာလချောင်ကြော်၊ မြေပဲငံပြာရည်ကြော်၊ ငါးနီတူကြော်၊ ငါးသေတ္တာ၊ ကော်ဖီမစ်ထုပ်၊ အာလူးကြော်ထုပ်၊ စာကလေးချောင်းကြော်ထုပ်၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ လက်ဖက်နှင့် ပဲကြော်ထုပ်၊ ကွတ်ကီးမုန့်မျိုးစုံ၊ Royal-D ဓာတ်ဆားထုပ်၊ ဒဏ်ကြေလိမ်းဆေးဘူးနှင့် အကိုက်အခဲပျောက်ဆေးများပါရှိသော အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို တပ်မတော်သား အယောက် ၁၀၀ အတွက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းပေးနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အတူ “တရားသောစစ် အောင်မြင်ပါစေ၊ ဘေးရန်ကင်းပြီး ကျန်းမာကြပါစေ” စသည့် ဆုတောင်းမေတ္တာစာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။

ကျေးဇူးတင်စကားပြောကြား

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ် ရုံးနှင့် ဒေသစာရင်းစစ်ရုံး ဝန်ထမ်းမိသားစုများနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ထည့်ဝင်လှူဒါန်းမှု ငွေသားကျပ်သိန်း ၆၀ နှင့် ပစ္စည်းတန်ဖိုးကျပ်သိန်း ၄၀ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၁၀၀ ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ဩဂုတ် ၅ ရက် ညနေပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချစ်ခင်စွာဖြင့် ဂုဏ်ပြုပေးအပ်ရန်အတွက် အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဝန်ထမ်းတစ်ဦးချင်း၏ ဂုဏ်ပြုအားပေးစာလွှာများ ထုပ်ပိုးပြင်ဆင်မှုကို နေပြည်တော် ရုံးအမှတ် (၁၇) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှစ်ခုတို့တွင် ဩဂုတ် ၄ ရက် နှင့် ၅ ရက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝန်ထမ်းမိသားစုနှင့် နိုင်ငံ့ဝန်ထမ်းသင်တန်းသားများက ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ ငါးနီတူငါးပိကြော်ဘူး ၅၀၀၊ ငါးနီတူ ခြောက်ကြော်ဘူး ၂၀၀၊ ငါးခြောက်ထောင်းကြော်ဘူး ၁၂၅ ဘူး၊ ပဲပုပ်ကြော် ဘူး ၂၀၀၊ အာဗြဲခြောက်ကြော်ဘူး ၄၀၀၊ ပုစွန်ငါးပိကြော်ဘူး ၂၀၀၊ စုစုပေါင်း ၁၆၂၅ ဘူးနှင့် အခြားအသုံးအဆောင်များကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်