နေပြည်တော် ဩဂုတ်လ ၆
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိရသည်။
ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ကရင်ပြည်နယ်)၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့က သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။