Skip to main content

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတက်ရောက်

စစ်တွေ   ဩဂုတ်  ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စာရေးဆရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့်သရုပ်ဖော်ကပြကြပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်(၃)ရပ်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်စေရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ဆိုသည့်အချက်(၁)ချက် ပါဝင်ကြောင်း၊ နိုင်ငံတော်က တန်ဖိုးထားရသည့် အနာဂတ်၏ သားကောင်းရတနာ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂဆိုသော ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များအဖြစ် ရှင်သန်တိုးတက်လာရန် အသိပညာ၊ ဗဟုသုတများကို စာအုပ်၊ စာပေကောင်းများမှတစ်ဆင့် လေ့လာဖတ်ရှုမှတ်သားကြရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်အချိန်ကစ၍ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုသိမြင်ပြီး လက်တွေ့ဘဝတွင် မိမိ၏အသိပညာ၊ ဗဟုသုတဖြင့် အတွေ့အကြုံများကို မိမိလေ့လာဖတ်ရှုခဲ့သည့် စာကောင်းပေမွန်များကရရှိသည့် စာပေ၏တန်ဖိုးများကို ပြန်လည်အသုံးချသွားမည်ဆိုလျင် အနာဂတ်တွင် တိုင်းပြည်က အားထားသော၊ မိမိပြည်နယ်အတွက်အကျိုးပြုနိုင်မည့် ခေါင်းဆောင်များ ဖြစ်လာကြမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်လျက်ရှိရာတွင် အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များပိုမိုမြင့်မားစေရန် ဘက်စုံပညာရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသလို တစ်ဖက်မှာလည်း အသိပညာဗဟုသုများ ရှာမှီးရာတွင် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးဖြစ်သည့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် နိုင်ငံတော် အစိုးရ၏ဦးဆောင်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လူငယ်များ၏ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးသည် အရေးကြီးလှသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက်လည်း အလေးထားဆောင်ရွက်နေပြီး ယခုဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်တွင် စာကြည့်တိုက် အဆောက်အဦ(၃)လုံးကို တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စာအုပ်၊ စာပေဆိုသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မိမိအနေဖြင့် မဖတ်ရှုရသေးပါက အသစ်ပဲဖြစ်ခြင်းကြောင့် ဘဝအတွက်စာဖတ်ကြရန်မှာကြားလိုကြောင်း၊ လေ့လာဖတ်ရှုကြသည့်အခါတွင်လည်း တခဏဖြင့် ရပ်တန့်မသွားဘဲ၊ အမြဲမပြတ်လေ့လာဆည်းပူးကြရန်၊ ရရှိသောအသိပညာ ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရန်အထိ ရည်ရွယ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်က ပညာရေးကဏ္ဍကို အထူးအလေးထားမြှင့်တင်လျက်ရှိကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည့် အရည်အသွေးဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုနိုင်မည့် လိုအပ်ချက်ဖြစ်ခြင်းကြောင့် အစိုးရ၊ မိဘ၊ ဆရာများက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမြှင့်တင်မှု လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြောကြားသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာဂေါယာမြေစောဝင်းက စာဖတ်ခြင်းဆိုင်ရာ အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် ဟောပြောသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဟောပြောပေးသော စာရေးဆရာနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော လှပသာယာပြည်မြန်မာ ဓာတ်ပုံပြဘုတ်များ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနံရံကပ်ပြဘုတ်နှင့် ထူးချွန်ထင်ရှားရခိုင်လူမျိုးများ ဓာတ်ပုံပြဘုတ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)