Skip to main content

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတက်ရောက်

စစ်တွေ   ဩဂုတ် ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီးပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စာရေးဆရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအချိန်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့်  လူငယ်များကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေ လေ့လာဖတ်ရှုလိုသော အလေ့အကျင့်ကောင်းများ ရရှိစေရန်အပါအဝင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဆိုလျင်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်များက ဦးဆောင်ပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ များကို ကျင်းပခြင်းအားဖြင့် လူငယ်များအသိပညာဗဟုသုတပိုမိုရရှိစေခြင်း၊ ရရှိပြီးသည့်အသိပညာ၊ဗဟု သုတများကို လူငယ်အချင်းချင်း ပြန်လည်မျှဝေဖလှယ်နိုင်ခြင်း၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့ အထကောင်းများ ရရှိစေခြင်း၊ ပရိသတ်ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် အလေ့အကျင့်များကို ရရှိပြီး စကားပြောစွမ်းရည် ကျွမ်းကျင်လိမ္မာစေခြင်း၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ဆိုသည်မှာ အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်ကြောင်း၊ ယနေ့ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများသည် နောင်မကြာသောကာလတွင် နိုင်ငံ၏ ရှေ့ဆောင်လမ်းပြသူများ တစ်နည်းအားဖြင့် ခေါင်းဆောင်များ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်၏ ခေါင်းဆောင်ဖြစ်လာမည့် ယနေ့လူငယ်တွေအနေဖြင့် Globalization ခေတ်၏ သ‌ဘောတရားအရ နည်းပညာနယ်ပယ်ကို မဖြစ်မနေ ပါဝင် ပတ်သက်ရမည် ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စာပေအသိပညာရှိရန် လိုအပ်ကြောင်း၊ အနာဂတ်တွင် အသိ ပညာကြွယ်ဝသည့်   လူ့အသိုက်အဝန်းကို   ပုံဖော်တည်ဆောက်နိုင်ရေးအတွက် မိမိတို့အပါအဝင် လူတိုင်းက ကြိုးစားကြရန်လိုအပ်ကြောင်းနှင့် မိမိတို့ဖတ်ရှုသိရှိထားသော အသိပညာ၊ ဗဟုသုတများကို ပြန်လည်ဟောပြောပေးခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှု အကျိုးကိုခံစားရမည်ဖြစ်သည့်အတွက် ဆရာဆရာမများ၊ မိဘများ၊ ကျောင်းသားကျောင်းသူများက ပူးပေါင်းဆောင် ရွက်ကြရန် ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဆွေးနွေးပွဲတွင် အမှတ်(၂ )အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်နုမြသန္တာက ဦးဆောင်ဆွေးနွေးသူ အဖြစ်ပါဝင်ဆွေးနွေးပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ Grade -11 ကျောင်းသား မောင်ကောင်းခန့်ဇံက လူငယ်နှင့်အားကစား၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ  Grade -12  ကျောင်းသူ မမျိုးသန္တာခင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်းမှ Grade - 12 ကျောင်းသား မောင်ကျော်စိုးက လူငယ်နှင့်စာပေ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade -11 ကျောင်းသူ မဖြိုးသန္တာထွန်းက လူငယ်နှင့် ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ မဟာပညာ ကျော်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို အားပေးစကားပြောကြားကာ ကျောင်းစာကြည့် တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဉာဏပြိုင်ပွဲများဖြစ်သော အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ စစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာအထက်တန်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)