နေပြည်တော် ဩဂုတ် ၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ သင်တန်းဖွင့်ပွဲများပြုလုပ်ကြပြီး သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး
အဆိုပါ သင်တန်းကျောင်းများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်နေ ကြပြီဖြစ်သည်။
နိုင်ငံ့တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလို ကြားသိရပါသည်။
“ကျွန်တော်ကတော့ လားရှိုးတက္ကသိုလ် ကောလိပ်ကနေပြီးတော့မှ ဘူမိဗေဒဘာသာနဲ့ ဘွဲ့ဒီဂရီကို ရရှိထားတဲ့သူဖြစ်ပါတယ်။ ကျွန်တော့်ရဲ့လူမျိုးကတော့ အဖေက ဝ ဖြစ်ပြီးတော့ အမေက ကချင်လူမျိုးဖြစ်ပါတယ်။ ကပြားတိုင်းရင်းသားကြီးဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းရန်အတွက် တပ်ကိုရောက်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ကို လိုလေသေးမရှိအောင် နွေးထွေးပျူငှာစွာကြိုဆိုလျက်ရှိတာကိုလည်း ကျွန်တော်တို့တွေ့မြင်ရတဲ့အတွက် အင်မတန်မှဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်။
“ကျွန်တော် ဒီလိုတပ်မတော်ထဲကို ဝင်ရတဲ့ခံယူချက်ကတော့ ကျွန်တော်တို့ ရဲ့နိုင်ငံဟာ အခုဆိုရင် ပြည်ပရန်ရော၊ ပြည်တွင်းကသောင်းကျန်းသူရော အမြင်မတူတဲ့လှုပ်ရှားသူတွေနဲ့ ဆူပူနေတဲ့အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကိုယ့်အိမ်မှာကိုယ်နေပြီးတော့မှ ဒီအတိုင်း ထိုင်နေမယ့်အတူတူ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာ ကနေပြီးတော့ တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့စိတ်နဲ့ ကျွန်တော်ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ အခုလိုမျိုး စစ်မှုထမ်းဥပဒေ ထုတ်ပြန်တာကတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ လူငယ်တိုင်း စည်းကမ်းတကျနဲ့ နေထိုင်နိုင်မယ်။
နောက်ပြီးတော့ စနစ်တကျနဲ့နေထိုင်နိုင်မယ်။ တပ်အပေါ်မှာ တချို့တွေဆိုရင် အမြင်မတူတာတွေရှိတယ်။ တပ်ဆိုတာက သူများတွေ အပြင်မှာ ပြောသလောက် မဆိုးပါဘူး။ အထဲမှာ အလွန်ကောင်းပါတယ်။ စည်းကမ်းတကျ နေထိုင်နိုင်အောင်လည်း ပြုပြင်ပေးနိုင်တဲ့ နေရာတစ်ခုပါလို့ပြောချင်ပါတယ်။ နောက်ထပ် လာမယ့်ညီအစ်ကိုတွေကိုလည်းလာပါ၊ တက်ကြပါလို့။ ဘာပဲပြောပြော နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပြီးတော့ တာဝန်ထမ်းဆောင်ကြပါ လို့ ပြောချင်ပါတယ်။
နိုင်ငံသား တစ်ယောက်ရယ်လို့ ဖြစ်လာရင် နိုင်ငံကပေးတဲ့တာဝန်ကို ကျွန်တော်တို့ ကျေပွန်အောင်ထမ်းဆောင်မှဒါနိုင်ငံသားတိုင်းရဲ့တာဝန်တစ်ခုပေါ့။ အဲ့ဒီအတွက် ကျွန်တော့်ကိုယ်ကျွန်တော် ဒီအမှတ်စဉ် (၄) မှာ လာရောက်ပြီးတော့ သင်တန်းသားအဖြစ် ခံယူထားရတဲ့အတွက် အလွန်ကို ပီတိဖြစ်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ကိုယ့်ကိုယ် ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်ကတော့ ဒီသင်တန်းဆင်းပြီးသွားလို့ ကျရာနေရာမှာ ကြိုက်တဲ့တာဝန်ကိုပေးပါ။ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကျွန်တော်တို့မှာရှိတဲ့ ခွန်အားတွေနဲ့ နိုင်ငံအတွက် သယ်ပိုးဆောင်ရွက်သွားမယ်။ ကျွန်တော်တို့တပ်မတော်ဆိုတာ မရှိလို့လည်းမဖြစ်ဘူး။ ရှိရမယ်။ ကိုယ့်နိုင်ငံအတွက် တပ်မတော်မှမရှိရင်လည်း ဘယ်သူမှ ကာကွယ်မှာမဟုတ်ဘူး။ တပ်မတော်ကပဲ ကာကွယ်ပေးမှာဖြစ်ပါတယ်။ နောက်ဝင်မယ့်အငယ်တွေလည်း ဘာမှမကြောက်ပါနဲ့ အကုန်လုံးကျွန်တော်တို့လိုပဲ ညီအစ်ကိုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ လာရောက်ပြီးတော့ ဒီနိုင်ငံအတွက်ကို တာဝန်တွေထမ်းဆောင်စေချင်ပါတယ်။
သတင်းစဉ်