ဩဂုတ် ၅
ဒီနေ့မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ သတင်းကိုပြောပါမယ်။ MNDAA အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ စတင်တိုက် ခိုက်ကတည်းက စစ်ရေးနဲ့မဆိုင်တဲ့သာမန်အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကိုပါ ရှော့တိုက်ဒုံးတွေ ဒရော့ဗုံးများ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သာမန်အရပ်သား ပြည်သူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက် ရာမှာစိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးများသုံးစွဲပြီး တိုက်ခိုက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချို့လူနာများကို ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ အချို့ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန်ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်များ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာတွေရှိပါတယ်။ အချို့သောရဲမေများဟာ စစ်သည်များနဲ့တန်းတူ မဆုတ်တမ်းတိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ၊ မှီခိုသူမိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကိုအနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲ အချိန်အထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးရဲ့ တိုင်းစစ်ဌာနချုပ် လားရှိုးနယ်မြေ၊ တပ်မတော်နဲ့အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့တာကို အသိအမှတ်ပြုလေးစားပါတယ်။ နိုင်ငံတော်အစိုးရတပ်မတော်အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်။