Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များမှ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဩဂုတ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ် ၂ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှ ယာယီတွဲဖက်ထားသော ဝန်ကြီးဌာနအောက်ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိသားစုများ နေထိုင်ရေး၊ သားသမီးများ၏ ပညာရေး၊ တာဝန်ထမ်းဆောင်မှုအခြေအနေများနှင့် တစ်ဦးချင်းအခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များမှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဒေသအလိုက် ဦးစီးဌာနများမှ တာဝန်ရှိသူများက လိုအပ်ချက်များကိုတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်နေသော ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးဆုံး၍ ဒေသတွင်းကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ သမဝါယမအသင်းများ၌ လုပ်ငန်းခွင်ဝင်ရောက်နေကြပြီဖြစ်သော ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့်တွေ့ဆုံကာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရန် ကြိုးစားသင်ယူကြရေးမှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်ဝင်ရောက်နေသော ကျောင်းသား၊ ကျောင်းသူဟောင်းများကို နှုတ်ဆက်၍ အခက်အခဲများမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် တောင်ကြီးမြို့နယ်၊ ဟဲကယ်ကျေးရွာသို့သွားရောက်ပြီး တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့မှ ဆီထွက်သီးနှံ နေကြာစိုက်သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သမဝါယမအသင်းများ၏ပံ့ပိုးမှုဖြင့် ဆီထွက်သီးနှံမြေပဲ ၁၄၂ ဧက စိုက်ပျိုး ပြီးစီးမှု အခြေအနေ၊ လာမည့်ဆောင်းရာသီသီးနှံ နေကြာဧက ၅၀၀၀ စိုက်ပျိုးမည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းများအနေဖြင့် နေကြာစိုက်တောင်သူများအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီဆောင်ရွက်ပေးရေးမှာကြားပြီး ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သမဝါယမအသင်းသားတောင်သူများအတွက် သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ထိုမှတစ်ဆင့် ကလောမြို့နယ် တင်ကြီးကြပ်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တင်ကြီးကြပ်ကျေးရွာတွင် အနက် ပေ ၃၄၀ စက်ရေတွင်းတူးဖော်၍ ဆိုလာရေတင်စနစ်ဖြင့် နှစ်ဆင့်မြှင့်တင်ပေးပြီး တင်ကြီးကြပ်ကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာ သောက်သုံးရေဖြန့်ဝေပေးနေသည့်လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာသို့သွားရောက်၍ လာမည့်ဆောင်းရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌတို့က လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အသင်းသားတောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်