Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၈ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီနေထိုင်မှုနှင့် ဝန်ထမ်းအိမ်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ၊ စံပယ်အိမ်ရာ၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်၊ အပျိုဆောင်နှင့် ဓနသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာနှင့် အမှုထမ်းအိမ်ရာများ၏ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အလားတူ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မွန်းလွဲ ၁ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိရပ်ကွက်နှင့် ဘောဂသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာနဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းမိသားစုများနှင့် လူပျိုဆောင်၊ အပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်သည့် တိုက်နှင့် အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်၊ မိုးတွင်းကာလဖြစ်၍ ဝန်ထမ်းအိမ်ရာ တိုက်ပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း ခြင်၊ ယင်များ ပေါက်ပွားနိုင်ပြီး ကျန်းမာရေးထိခိုက်နိုင်သဖြင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေဘဲ ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် မြက်၊ ချုံနွယ်၊ ပေါင်းပင်များ ရှင်းလင်းဆောင်ရွက်ရန်၊ သစ်ပင်များ အလင်းဖွင့်ရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် သက်ဆိုင်ရာ တိုက်တာဝန်ခံနှင့် အဆောင်တာဝန်ခံများအား မှာကြားသည်။

ထို့နောက် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ၌ ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှု၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်မှုရှိ/မရှိ၊ သစ်ပင်များ အလင်းဖွင့်ဆောင်ရွက်မှု၊ မြက်ချုံများ ရှင်းလင်းမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်