Skip to main content

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့ ၅ ခုမှ သဘောထားများ ထုတ်ပြန်

နေပြည်တော် ဩဂုတ်လ

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် လားရှိုးမြို့အတွင်း ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများမှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိရသည်။

ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) မြောက်သည့် လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချကြောင်းကို ယနေ့တွင် အသင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းတို့က သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။