Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော် ဩဂုတ် ၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် စုပေါင်း၍ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ကြသည့် စားသောက်ဖွယ်ရာများကို ရှေ့တန်းသို့ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာ ပြင်ဆင်ဆောင်ရွက်နေမှုကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးကြသည်။

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးပိကြော် ၂၂၈ ထုပ်၊ ငါးခြောက်ကြော် ၂၂၂ ထုပ်၊ ကော်ဖီမစ် ၂၁၀ ထုပ်၊ ရွှေဖီဦးတီးမစ် ၂၁၀ ထုပ်၊ ဆေးပေါ့လိပ် ၂၀၀၀၊ ခေါက်ဆွဲခြောက်ထုပ် ၂၁၀၊ အသင့်စားလက်ဖက် ၂၁၀ ထုပ်၊ ငါးပိထောင်းဘူး၂၀၀၊ ကွတ်ကီးအထုပ်၂၀၀၊ ဝေဖာအထုပ် ၂၀၀၊ Royal-D ဓာတ်ဆားအထုပ် ၂၀၀ စုစုပေါင်းအစားအသောက် ၁၁ မျိုးကို လှူဒါန်းသည့်အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စိတ်ဓာတ်ခွန်အားနိုးကြားတက်ကြွစေရန် “ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများလည်း ထည့်သွင်းပေးပို့ကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာ ၁၁ မျိုးအတွက် တန်ဖိုးငွေကျပ် ၁၈ သိန်းနှင့် ငွေသားကျပ် ၅၂ သိန်း စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်