ရန်ကုန် ဩဂုတ် ၁
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းအမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစီအစဉ် ပထမပိုင်းတွင် စာအုပ်လှူဒါန်းပွဲပြုလုပ်ရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် စေရန် ကျေးရွာနှင့်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များတည်ထောင်၍ စာပေ များဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ဖြန့်ဝေပေးပို့လျက်ရှိကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များ ဝယ်ယူထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များ လှူဒါန်းသည့်စာအုပ်များကိုလည်းပေးပို့ လှူဒါန်းပေးပါကြောင်း၊ စာကြည့်တိုက်များ၏ အသက်မှာ စာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များ ရှိမှသာ စာဖတ်ရှုသူများ ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ အလှူရှင်များ တိုးပွားလာသည်နှင့် အမျှစာအုပ်များကို များများလှူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များ တိုးပွားရေး အတွက်စည်းရုံးပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက်အလှူရှင်က စာအုပ်များ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ ရဲဘော်စိုးဝင်း (လှိုင်) က စာအုပ်ရေ ၂၇၀ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။ ယနေ့လှူဒါန်းမှုတွင် စာအုပ်ပေါင်း ၂၇၀ တန်ဖိုးငွေကျပ် ၂၇၀၀၀၀၀ ဖြစ်ပြီး ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပြုလုပ်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်