Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၈၅ ကျောင်းတွင် စိုက်ပျိုးရေးဘာသာရပ်၌ ကျောင်းသား ကျောင်းသူ ၂၂၄၄ ဦး ပညာသင်ယူလျက်ရှိ

နေပြည်တော် ဩဂုတ် ၁

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်း ၈၅ ကျောင်းကိုဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးဘာသာရပ်ကို KG+10 ကျောင်းသား ကျောင်းသူ ၁၃၂၄ ဦးနှင့် KG+11 ကျောင်းသား ကျောင်းသူ ၉၂၀ စုစုပေါင်း ၂၂၄၄ ဦး သင်ယူလျက်ရှိကြသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေးဘာသာရပ်နှင့် ပတ်သက်၍ ဤ,သည် မရွေ့ ကျက်မှတ် ဖြေဆိုရန်မလိုအပ်ဘဲ အခြေခံအနေဖြင့် လက်တွေ့လေ့လာပြီး ဖြေဆိုနိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းတွင် စာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့မှုများကို မိဘလက်ငုတ် လယ်ယာလုပ်ငန်း၌ အသုံးချဆောင်ရွက်ခြင်း၊ ကိုယ်ပိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ပြီး လယ်ယာစီးပွား လုပ်ငန်းရှင်များအဖြစ် ဆောင်ရွက်ခြင်း၊ အစိုးရဌာနများ၊ စိုက်ပျိုးရေး ကုမ္ပဏီများ၊ မျိုးစေ့ကုမ္ပဏီများတွင် ပညာရှင်ဝန်ထမ်းများအဖြစ်ဆောင်ရွက်ခြင်း စသည်ဖြင့်နယ်ပယ်စုံကဏ္ဍစုံတွင် အောင်မြင်စွာ ရပ်တည်နိုင်ကြစေရန် ရည်ရွယ်သင်ကြားပေးခြင်း ဖြစ်သကဲ့သို့ ထူးချွန်မှုအလိုက် သိပ္ပံကျောင်းများနှင့် ဘွဲ့ကြို ဘွဲ့လွန် ပါရဂူတန်းအထိ ပေါက်မြောက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်းနိုင်ကြသည့် အခွင့်အလမ်းကောင်းများစွာ ရှိနေခြင်းကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဇံနှင့်အတူ စာသင်ခန်းများ၊ လက်တွေ့ဆောင်များ၊ လက်တွေ့စိုက်ကွင်းများကို ကြည့်ရှုအားပေးကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်