ပဲခူး ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက သဘာဝကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့သည် ပြန်လည်စတင်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများနှင့်သက်ဆိုင်သည့် နေရာများတွင် သန့်ရှင်းရေးပြုလုပ်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ သီးနှံစိုက်ခင်းအမျိုးအစားအလိုက် ရေနစ်မြုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧက၊ ပျက်စီးဧကစာရင်းများ စနစ်တကျ ပြုစုထားရန်နှင့် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်သည့် ဒေသများတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ပြီး ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများ၊ ပဲခူးမြို့နယ်တပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ရေကြီးနစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စသည့်သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး သဘာဝဘေးကွပ်ကဲမှုရုံးသို့ လာရောက်လှူဒါန်းသည့် စေတနာရှင်ပြည်သူများ၏ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြစ်ကူး တံတား(မြို့ဦးကင်း) မှ ပဲခူးမြစ်ရေစီးထွက်နေမှု၊ ဘောနတ်ကြီးကျေးရွာအနီး (၃၉) မိုင်စစ်ဆေးရေးဂိတ်ရေဝင်ရောက်နေမှုနှင့် ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ ဖောင်တော်ဦးကျောင်းသစ်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်ခဲ့ပြီး ပဓာနနာယကဆရာတော်အား နဝကမ္မအလှူငွေနှင့် ရေဘေးသင့်ပြည်သူများအတွက် စားသုံးကုန်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၏ ဆန်ရိက္ခာဖိုးတစ်ပတ် စာထောက်ပံ့ပေးအပ်ပြီး ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်အတွင်း ပဲခူးမြစ်ရေဝင်ရောက်နေမှုအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)