Skip to main content

အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) မြန်မာနိုင်ငံမှ လက်ခံရရှိ

နေပြည်တော် ဇူလိုင် ၃၁

အာဆီယံဒေသတွင်း ဆေးလိပ်ငွေ့ကင်းစင်စေရန် ရည်ရွယ်၍ အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့ (South East Asia Tobacco Control Alliance) နှင့် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အစီအစဉ်ကို ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပဆောင်ရွက်ခဲ့သော (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် စတင်မိတ်ဆက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ထားရှိသည့်အနက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စိစစ်ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်း၍ သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းဖြင့် စိစစ်ရွေးချယ်ခဲ့ပြီး ရွှေတံဆိပ် (Gold) ကို ဖိလစ် ပိုင်နိုင်ငံ IIoilo City ကလည်းကောင်း၊ ငွေတံဆိပ် (Silver) ကို အင်ဒိုနီးရှားနိုင်ငံ Bogor City ကလည်းကောင်း၊ ကြေးတံဆိပ် (Bronze) ကို ထိုင်းနိုင်ငံ Saensuk Municipality နှင့် မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတို့က ပူးတွဲ၍လည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် လာအိုနိုင်ငံ Luang Prabang ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံမှရရှိသည့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်တွင် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပဆောင်ရွက်မည့် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် အခမ်းအနားအစီအစဉ်တစ်ရပ်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်