နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံယူနေသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ယာယီသမ္မတတာဝန်ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့် အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။
ဦးစွာ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများဆောင်ရွက်ရန် ပျက်ကွက်နေချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ လွှဲပြောင်းအပ်နှံခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာ၌ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှုအခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ်ကာလကြေညာပြီး (၂) နှစ်ပြည့်မြောက်သည့်အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်နေမှုအခြေအနေများ၊ ဝိသမလောဘစီးပွားရေးသမားများ၏ နိုင်ငံတော်စီးပွားရေး ကျဆင်းအောင် ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍ မြှင့်တင်ပေးနေမှုအခြေအနေများ၊ ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်းပိုမိုမြင့်မားလာစေရေး ထောက်ပံ့ဖြည့်ဆည်းပေးနေမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာတင်ပြ၍ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် လိုအပ်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရန် မဖြစ်မနေလိုအပ်နေသည့် အခြေအနေများကြောင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြသည်။
ထို့နောက် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) အား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။