တောင်ကြီး ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ TBC စီးပွားရေးဇုန်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဂိုဒေါင်မှ ဟိုပုံးမြို့နယ်ကျောင်းလွယ်ကျေးရွာရှိ အသစ်ဆောက်လုပ်ထားသော Green Gold သမဝါယမအသင်းပိုင်ဂိုဒေါင်သို့ ကော်ဖီစေ့များပြောင်းရွှေ့နေမှု၊ သိုလှောင်ထားရှိမှု အခြေအနေများနှင့် ပြည်ပနိုင်ငံသို့ တင်ပို့မှုအခြေအနေများကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမန်နေဂျာက ဟိုပုံးနှင့်လွိုင်လင်မြို့နယ်တို့မှ သမဝါယမအသင်းသားများ၏ ကော်ဖီရောင်းချမှုနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းခဲ့ရာ ပြည်နယ်ဦးစီးမှူးက အသင်းသားများ၏ ကော်ဖီရောင်းချမှုများအပေါ် Refund ပြန်လည်ပေးနိုင်ရေးဆောင်ရွက်ရန်၊ ကျောင်းလွယ်ကျေးရွာရှိ အသင်းပိုင်ဂိုဒေါင်တွင် အသင်းဝန်ထမ်းအိမ်ရာဆောက်လုပ်ရာတွင် စနစ်တကျ စာချုပ်ချုပ်ဆိုဆောင်ရွက်ရန်နှင့် အသင်းဂိုဒေါင်တွင် ရေရရှိရေးကာလသတ်မှတ်၍ ဆောင်ရွက်သွားရန် ပြောကြားကြောင်း သိရသည်။
သတင်းစဉ်