Skip to main content

ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာများ ထောက်ပံ့လှူဒါန်း

ရေကြည် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းများတွင် ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသူများအား စားရေရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။

ထောက်ပံ့လှူဒါန်း

ထိုသို့ လှူဒါန်းရာတွင် ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း ယာယီနေထိုင်လျက်ရှိသော အိမ်ထောင်စု ၅၀၊ မြို့မရပ်ကွက် အမျိုးသားခန်းမ၌ ယာယီနေထိုင်လျက်ရှိသော အိမ်ထောင်စု ၄၀ စုစုပေါင်း အိမ်ထောင်စု ၉၀ အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဥစသည့် စားရေရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သည်။

ထို့နောက် ဝန်ကြီးသည် တက်ဆိပ်ကျေးရွာ ပုသိမ် - မုံရွာကားလမ်းရှိ တံတားအမှတ် (၁/၂၈) နတ်စင်ရိုးတံတား (၂) တွင် ရေတိုက်စားမှုကြောင့် တံတား Will Wall ဘယ်ဘက်အခြမ်း အလျားပေ ၂၀၊ အနံ ၁၂ ပေနှင့် အမြင့်ပေ ၂၀ ခန့် ပြိုကျခဲ့မှုအပေါ် လမ်းအထူးအဖွဲ့ ၂၀ မှ တံတားကြံ့ခိုင်မှုရှိစေရေး ပြုပြင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျုံတာကျေးရွာ ငဝန်ဗောဓိတာ မိုင်အမှတ် (၄၃/၄) မိုင်တွင် နှစ်ပေခန့် တာအိတာလျှောခြင်း ဖြစ်ပွားသည့်နေရာကို ပြုပြင်ဆောင်ရွက်ထားမှုကိုလည်းကောင်း မယင်းကူးကျေးရွာ ရေဝင်ရောက်မှုအခြေအနေနှင့် အလယ်စုကျေးရွာ တာမြေသား သဲအိတ်ဖို့ခြင်း ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)