ရန်ကုန် ဇူလိုင် ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ ပံ့ပိုးကူညီမှုနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုတို့ဖြင့် ကုမ္ပဏီပေါင်း ၅၀ ကျော်က အများပြည်သူတို့ထံ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အအုံအတွင်း၌ ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။
အများပြည်သူ အိမ်သုံးဆေးဝါးများ လွယ်ကူမြန်ဆန်သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန် ဇူလိုင် ၁၇ ရက်က ပန်းဘဲတန်းမြို့နယ်၌ ပထမအရောင်းစင်တာအဖြစ် ဆေးကုမ္ပဏီ ၇၀ ကျော်က စတင်ရောင်းချပေးခဲ့ပြီး ယနေ့တိုင် ရောင်းချပေးလျက်ရှိကာ ဒုတိယအရောင်းစင်တာဖြစ်သော နဝဒေးရုပ်ရှင်ရုံဝင်းအတွင်း၌ ယနေ့မှစတင်၍ ဩဂုတ် ၃ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြသရောင်းချပေးလျက်ရှိ၍ ဆေးဝါးကုမ္ပဏီအချို့က သွေးတိုး၊ ဆီးချိုရောဂါများအတွက် အခမဲ့ စမ်းသပ်ပေးလျက်ရှိသည်။၊ ထို့ပြင် တတိယအရောင်းစင်တာအား ပဲခူးမြို့ ဥဿာသီရိဈေးအပေါ်ဆုံးထပ်၌ ယနေ့မှစတင်၍ ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။
“အခုလို အများပြည်သူကို ဆေးဝါးတိုက်ရိုက်ရောင်းချပေးရတဲ့ရည်ရွယ်ချက်က ဆေးဝါးရှာဖွေရာမှာ လွယ်ကူမြန်ဆန်စေဖို့နဲ့ တစ်နေရာတည်းမှာ စုစည်းရရှိနိုင်ဖို့ ရောင်းချပေးတာဖြစ်ပါတယ်။ အများပြည်သူ ဆေးဝါးလိုအပ်ချက်အပေါ်မူတည်ပြီး ဆေးဝါးအရောင်းစင်တာတွေ ထပ်မံတိုးချဲ့ဖို့နဲ့ အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း လိုအပ်ရင် လိုအပ်သလို ဆက်လက်ခင်းကျင်း ပြသရောင်းချပေးသွားဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးဇေယျာဖြိုးက ပြောသည်။
အိမ်သုံး ဆေးဝါးများရောင်းချသည့်နေရာနှစ်နေရာသို့ ရန်ကုန်မြို့စွန်မှ ပြည်သူများလည်း လာရောက်ဝယ်ယူကြလျက်ရှိရာ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးကုမ္ပဏီများအား မိမိတို့ဆေးသိုလှောင်ရုံများတွင်ရှိသည့် ဆေးဝါးများအား အများပြည်သူကျန်းမာရေးကိုရှေးရှု၍ ဆေးဝါးအားလုံးရောင်းချပေးရန် တိုက်တွန်းနှိုးဆော်ထားကြောင်း၊ ပြင်ပတွင် ဆေးဝါးပြတ်လပ်မှုရှိခဲ့ပါက ဖွင့်လှစ်ထားသော ဆေးဝါးအရောင်းစင်တာတို့တွင် သတ်မှတ်ထားသောအချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်းနှင့် ဆေးဝါးကုမ္ပဏီများက ဆေးဝါးအမျိုးအစားပေါင်း တစ်ထောင်ခန့်ကို ရောင်းချပေးလျက်ရှိရာ ရှာဖွေရန်ခက်ခဲသော ဆေးဝါးများရှိပါက မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပြီး ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့ရှိ ဆေးဝါးအရောင်းစင်တာ သုံးခုတို့၌ လွယ်ကူမြန်ဆန်စွာ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်