Skip to main content

ပြည်တွင်းကုမ္ပဏီ ၅၈ ခုတို့က ထုတ်လုပ်သည့် ဓာတ်မြေဩဇာ ၁၄၅ မျိုးနှင့် ပြည်ပမှ တင်သွင်းမည့် ဓာတ်မြေဩဇာ ၂၇၈ မျိုး စိစစ်

နေပြည်တော် ဇူလိုင် ၂၉

စားရေရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် လယ်ယာလုပ်ငန်းခွင်တွင် အရည်အသွေးကောင်းမွန်ပြည့်ဝသည့် စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများ စနစ်တကျအသုံးပြုနိုင်စေရေးအတွက် ဓာတ်မြေဩဇာ မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်းသွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း ဆိုင်ရာလုပ်ငန်းများအပေါ် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိရာတွင် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့က လိုအပ်သော နည်းပညာဆိုင်ရာအချက်အလက်များ စိစစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြေဩဇာများ၏ အရည်အသွေးပြည့်မီမှုရှိ မရှိ OGA Approval ပေးခြင်းကိစ္စရပ်များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ MACCS System နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုကာလသည် နိုင်ငံတစ်ဝန်း၌ ရေကြီးရေလွှမ်းခြင်းဖြစ်စဉ်များရှိနေသဖြင့် သီးနှံစိုက်ခင်းများ ထိခိုက်မှုရှိလာနိုင်ကြောင်း၊ အဆိုပါထိခိုက်မှုများအပေါ် သွင်းအားစုဓာတ်မြေဩဇာများကို အသုံးပြု၍ ပြန်လည်ကုစားနိုင်ရေးကို မိမိတို့ကျွမ်းကျင်သည့် နည်းပညာရပ်များ အသုံးချဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေအမျိုးအစား သီးနှံအမျိုးအစားပေါ်မူတည်၍ အကျိုးရှိ အထိရောက်ဆုံး သုံးစွဲနိုင်မည့် ဓာတ်မြေဩဇာအမျိုးအစားနှင့် အချိုးအဆကို တောင်သူများ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ အလားတူ ဓာတ်မြေဩဇာဈေးနှုန်း တည်ငြိမ်ရေးနှင့် အရည်အသွေးပြည့်ဝရေးကို သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းထိန်းကျောင်းပေးရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ (၄၃) ကြိမ်မြောက်အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် တိုးဒေသကြီး ပြည်နယ်ခြောက်ခုရှိ ကုမ္ပဏီ ၅၈ ခုတို့က ထုတ်လုပ်သော ဓာတ်မြေဩဇာ ၁၄၅ မျိုးနှင့် ပြည်ပမှ တင်သွင်းမည့် ဓာတ်မြေဩဇာ ၂၇၈ မျိုးတို့၏ အချက်အလက်များကို နည်းပညာရှုထောင့်မှ စိစစ်သုံးသပ်ဆွေးနွေးကြပြီး မြေဩဇာကော်မတီသို့ ဆက်လက်ပေးပို့တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်