နေပြည်တော် ဇူလိုင် ၂၉
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၇) နှစ်မြောက်အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် အဆိုပါအခမ်းအနား ကျင်းပသည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing၊ မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတရုတ်စစ်သံမှူး Senior Colonel Zheng Zijie နှင့် တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၇) နှစ်မြောက်အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတရုတ်စစ်သံမှူး Senior Colonel Zheng Zijie က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် ခေတ္တတရုတ်စစ်သံမှူးတို့က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၇) နှစ်မြောက်အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် ခေတ္တတရုတ်စစ်သံမှူးတို့က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။