နေပြည်တော် ဇူလိုင် ၂၈
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား)သို့ ရောက်ရှိပြီး ဈေးကွက်ဝင်ချည်များ ထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံရှင်းလင်းဆောင်၌ အရာထမ်းများနှင့်တွေ့ဆုံပြီး ပြည်တွင်းမှထွက်ရှိသည့် ၁/၄၀ ချည်များဖြင့် အထည်များရက်လုပ်ရာတွင် တိုင်ချည်အဖြစ် အသုံးပြုနိုင်သည်အထိ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ချည်တစ်ပင်ချင်းစီ၏ ဆွဲဆန့်ခံနိုင်မှုကို ပိုမိုမြင့်မားစေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက် စစ်ဆေးရမည့်နေရာများ သတ်မှတ်၍ စစ်ဆေးဆောင်ရွက်ရန်၊ ထို့ပြင် ချည်လုံးများ၏ အရွယ်အစားညီညွတ်မှုရှိစေရေး၊ ချောမွေ့မှုရှိစေရေးအတွက် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့် ချိန်ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဝါမှ အထည်အလိပ်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများကို ပိုမိုရရှိလာမည်ဖြစ်၍ ထုတ်လုပ် မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ အမှတ်(၂)အထည်စက်ရုံ(ပလိပ်)သို့ ရောက်ရှိပြီး ချည်များထုတ်လုပ်နေမှု၊ ဆေးဆိုးနေမှု၊ အထည်ဖြတ်စညှပ်စများမှ ချည်များပြန်လည်ထုတ်လုပ်နေမှု (Texitile Circular Economy) အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အရည်အသွေးကောင်းမွန်သည့် ထုတ် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် တီထွင် ကြံဆ၍ ကြိုးစားစီမံဆောင်ရွက်သွားရန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း)တို့မှ အရာထမ်းများနှင့် တွေ့ဆုံ၍ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အလေအလွင့်မရှိအောင် ကြီးကြပ်ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့ရှိ အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း)သို့ ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်၌ ဝမ်းတွင်းမြို့နယ်ရှိ ဝါ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်များအနေဖြင့် ဝါမှအထည်အလိပ်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကဏ္ဍအလိုက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း)၊ Leders Textile Public Co., Ltd. နှင့် ဖိုးပြုံးချိုကုမ္ပဏီတို့တွင် အထည်များရက်လုပ်နေမှု၊ ချည်မျှင်များ ထုတ်လုပ်နေမှု၊ ချည်များအားဆေးဆိုးနေမှု၊ ဂျပန်ရိုးရာအထည်များ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီရက်ကန်းစက်များဖြင့် ပိတ်များရက်လုပ်နေမှု၊ ပြည်ပပို့ကုန် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်