Skip to main content

အကျိုးမပြုလျှင်ပင် အကျိုးမယုတ်စေချင်

မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် သတိပေးကြေညာခဲ့ခြင်းများရှိခဲ့သလို လိုက်နာမှုမရှိခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူခြင်းများလည်းရှိခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား၊ တေးသီချင်း၊ ကြော်ငြာတို့ကို ချမှတ်ထားသောမူဝါဒများနှင့် ညီညွတ်မှုရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပြုပြင်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ဆောင်ရွက်လျက်ရှိပြီး ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမှုများလည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ တေးသီချင်းများကို အရုပ်နှင့်အသံထွက်ပေါ်စေလျက် နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့တင်ပြခြင်းမရှိဘဲ ထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးကြေညာခဲ့ပြီးဖြစ်ရာ အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေသူ၊ အသက်မွေးဝမ်းကျောင်းနေသူတိုင်း မသိမဖြစ် သိနားလည်ထားကြရန်လိုသကဲ့သို့ လိုက်နာကြရန်လည်း လိုသည်။ ဥပဒေကို မသိနားမလည်၍ဟုဆိုကာ ချိုးဖောက်၍မရ၊ ချိုးဖောက်မိပါက ဥပဒေနှင့်အညီ အရေးယူခံကြရမည်သာဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် တေးသီချင်းဗီဒီယိုတစ်ပုဒ်၏ စီစဉ်သူဒါရိုက်တာနှင့် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ်ရေး နည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ပြသခဲ့သူတစ်ဦးအပါအဝင် သက်ဆိုင်သူများကို ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ခဲ့သည်။ လူမှုကွန်ရက် စာမျက်နှာများတွင် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ကြရာတွင် စိတ်ကူးအကြံဉာဏ်များစွာ၊ နည်းလမ်းများစွာတို့ ပြုလုပ်နိုင်ပါလျက် ဂုဏ်သိက္ခာကင်းမဲ့သည့်နည်းလမ်း၊ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့်နည်းလမ်း၊ ညစ်ညမ်းသည့်နည်းလမ်း၊ ဥပဒေနှင့်ငြိစွန်းသည့် နည်းလမ်းများကို ရွေးချယ်သူတို့ ရွေးချယ်မှုမှားခဲ့ကြသည်။ အဆိုရိုင်း၊ အပြရိုင်း၊ အပြောရိုင်းခဲ့ကြသည်။ ယင်းသို့သော နည်းလမ်းမျိုးဖြင့် ရလာနိုင်မည့်ထင်ပေါ်မှု၊ ကျော်ကြားမှုသည် မည်သို့သောထင်ပေါ်မှု၊ ကျော်ကြားမှုမျိုးဖြစ်မည်ကို ဆင်ခြင်သင့်သလို ဖြစ်ပေါ်လာနိုင်သည့် အကျိုးတရားများကိုလည်း ကြိုတင်မြော်မြင်သင့်ကြသည်။

လူမှုကွန်ရက်စာမျက်နှာများမှာ ကမ္ဘာတစ်ဝန်း အဆီးအတားမရှိ ပျံ့နှံ့လျက်ရှိရာတွင် အကောင်းရောအဆိုးပါ ရောပြွမ်းလျက်ရှိကြသည်။ သူတစ်ပါးနိုင်ငံများမှတင်သည့် လူမှုကွန်ရက် စာမျက်နှာများတွင် မိမိတို့ယဉ်ကျေးမှုနှင့် မကိုက်ညီမှုများ၊ မသင့်လျော်မှုများ၊ မဖွယ်မရာများလည်းပါလေ့ရှိရာ အတုမယူအပ်။ အချို့သောအပြောများ၊ အပြများသည် ရိုက်ကူးမှုပြုစဉ်ကပင် သူတစ်ပါးကိုထိခိုက်နစ်နာစေမှု၊ ကာယိန္ဒြေပျက်ပြားစေမှုတို့ ကျူးလွန်ရာရောက်နေသည်ကို သတိပြုကြစေလိုသည်။ အိုင်တီခေတ်၏ နည်းပညာများကို အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်တင်ပြကြရာတွင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။ အကယ်၍အကျိုးမဖြစ်ထွန်းလျှင်ပင် အကျိုးမယုတ်စေရေး သတိထားဆင်ခြင်ကြရပါမည့်အကြောင်း။ ။