နေပြည်တော် ဇူလိုင် ၂၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ပြောကြား
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော အချက်တစ်ခုဖြစ်သည့် အရည်အချင်းပြည့်ဝသော ပညာတတ်လူငယ်များစွာပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်လူငယ်လူရွယ်များ တိုးပွားများပြားလာစေရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူမှုအခွင့်အလမ်းရရှိစေရေးတို့ကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများအနေဖြင့်လည်း နိုင်ငံ့သားကောင်း ပညာတတ်လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော စွမ်းဆောင်ရည်မြင့်မားသည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဝန်ထမ်းသားသမီးများဖြစ်သည့် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင်လေးဦး၊ လေးဘာသာဂုဏ်ထူးရှင်ငါးဦး၊ သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်လေးဦး၊ တစ်ဘာသာဂုဏ်ထူးရှင်ငါးဦးနှင့် ရိုးရိုးအောင်မြင်သူ ၃၂ ဦးတို့ကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်