ကျော်ကျော်လတ်(ပြန်/ဆက်)
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အိမ်တွင်းမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ MSMEs စက်မှုလက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟူသည့် အချက်နှင့်အညီ လုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း ပညာပေးသင်တန်းများဖြစ်သော စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ထုတ်လုပ်နည်းများနှင့် စက်မှုလက်မှုနည်းပညာသင်တန်းများကို ဒေသခံပြည်သူလူထုအား နှစ်စဉ်သင်ကြားပို့ချလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း ၅၀၈ ခုရှိသည့်အနက် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ရောက်၍ လူသုံးကုန်နှင့်အလှကုန်များ ထုတ်လုပ်နေသည့် ထားဝယ်မြို့နယ်ကြက်စားပြင်ရပ်ရှိ Be Wine သဘာဝခေါင်းလျှော်ရည်လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင် ဦးလှမျိုးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ လုပ်ငန်းရဲ့နာမည်နဲ့ လုပ်ငန်းလိပ်စာကို မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ ကျွန်တော့်နာမည်က ဦးလှမျိုးပါ၊ လုပ်ငန်းနာမည်က Be Wine သဘာဝခေါင်းလျှော်ရည်ထုတ်တဲ့ လုပ်ငန်းပါ။ ဒီလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းလိပ်စာကတော့ အမှတ်(၈၂၆)၊ စံပြလမ်း၊ ကြက်စားပြင်ရပ် ထားဝယ်မြို့ဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့်ဒီလုပ်ငန်းကို စတင်ခဲ့ပါသလဲ။
ဖြေ။ ။ ကျွန်တော့်မှာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုတဲ့ဆန္ဒအရင်ထဲကရှိပါတယ်။ ကျွန်တော်မှာရှိတဲ့ ငွေကြေးနဲ့နိုင်တဲ့လုပ်ငန်းမျိုးလုပ်ချင်တာပါ။ အဲဒီမှာ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းတွေဖွင့်နေတာသိရတာနဲ့ ဆက်သွယ်ပြီး တက်ဖြစ်ခဲ့ပါတယ်။ ဌာနကဆရာမတွေကလည်း ကျွမ်းကျင်ပြီး စေတနာထားသင်ကြားပေးတဲ့အတွက် သေချာတတ်မြောက်ပြီး လုပ်ငန်းထူထောင်ဆောင်ရွက်ဖြစ်ခဲ့တာပါ။ အဲဒီအတွက်လည်း ဌာနကို ကျေးဇူးတင်ပါတယ်။
မေး။ ။ Be Wine က အဓိကထားပြီး ထုတ်လုပ်တဲ့ပစ္စည်းနဲ့ ဘယ်နှမျိုးထုတ်တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ Be Wine က သဘာဝခေါင်းလျှော်ရည်ကို အဓိကထားထုတ်လုပ်ပြီး ရေချိုးဆပ်ပြာရည်နဲ့ ပန်းကန်ဆေးဆပ်ပြာ ရည်နှစ်မျိုးကိုလည်း ထုတ်လုပ်ပါတယ်။ သဘာဝထုတ်ကုန်တွေအပြင် အသစ်အနေနဲ့ ဓာတုခေါင်းလျှော်ရည်ကိုလည်း ထုတ်လုပ်ပါတယ်။
မေး။ ။ ဈေးနှုန်းတွေကရော ဘယ်လိုလူတန်းစားတွေအတွက် ရည်ရွယ်ပြီး သတ်မှတ်ရောင်းချပေးတာလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ အခြေခံလူတန်းစားတွေပါ သုံးလို့ရအောင်၊ အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်း သင့်တင့်မျှတအောင်ကြိုးစားပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လူတန်းစားမရွေးသုံးလို့ရအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ ထုတ်ကုန်တွေအတွက် ကုန်ကြမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ဘယ်ကနေဝယ်ယူပါသလဲ။
ဖြေ။ ။ ဒေသမှာထွက်ရှိတဲ့ သဘာဝအသီးအနှံတွေကိုပဲ အခြေခံထုတ်လုပ်ထားပါတယ်။ ဘူးခွံ၊ အိတ်ခွံစတဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့ ရန်ကုန်ကနေမှာပြီး အသုံးပြုပါတယ်။
မေး။ ။ ထုတ်ကုန်တွေကို ဈေးကွက်ကို ဘယ်လိုဖြန့်ပါသလဲ။
ဖြေ။ ။ ဈေးကွက်ကတော့ အဓိကအားဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာပဲ ကျယ်ပြန့်စွာ ဖြန့်ဖြူးလျက်ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးဘက်ကိုလည်း အမှာစာများအရ ပို့ဆောင်ပေးလျက်ရှိပါတယ်။ သုံးစွဲသူတွေက ကြိုက်နှစ်သက်ကြောင်း ပြန်လည်ပြောပြကြပါတယ်။ တိုးချဲ့တင်ပို့နိုင်အောင်လည်း ကြိုးစားဆောင်ရွက်နေပါတယ်။
မေး။ ။ ဝန်ထမ်းခန့်ထားလား၊ မိသားစုဝင်တွေနဲ့ပဲ လုပ်တာလား။
ဖြေ။ ။ ဝန်ထမ်းလေးဦးခန့်ထားပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ထုတ်လုပ်ရေးကဏ္ဍမှာနှစ်ဦးနဲ့ ဖြန့်ချိရေး ကဏ္ဍမှာနှစ်ဦးဖြစ်ပါတယ်။ မိသားစုဝင်တွေလည်း ပါဝင်ဆောင်ရွက်ကြပါတယ်။ အမှာစာများတဲ့နေ့ဆိုရင် နေ့စားခေါ်ပြီး ဆောင်ရွက်ပါတယ်။
မေး။ ။ ဈေးကွက်၊ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ အသစ်တီထွင်ဖို့ အစီအစဉ်တွေလည်း သိချင်ပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ ဈေးကွက်ချဲ့ဖို့ အစီအစဉ်ရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရဲ့ ဒေသထွက်ကုန်ဆိုပြီး ပြည်တွင်းကနေ ပြည်ပ Export အထိပါ တင်ပို့နိုင်အောင် ရည်ရွယ်ဆောင်ရွက်နေပါတယ်။ စမ်းသပ်တင်ပို့နေပြီး ကြိုက်နှစ်သက်ကြောင်း သိရှိရပါတယ်။ ထုတ်ကုန်အသစ်အနေနဲ့ ဒေသထွက်သဘာဝပစ္စည်းတွေကို အခြေခံပြီး ရေမွှေး၊ မျက်နှာသစ်ဆပ်ပြာနဲ့ အဝတ်လျှော် ဆပ်ပြာခဲတွေထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ Be Wine က ထုတ်ကုန်သုံးစွဲသူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ Be Wine ကိုသုံးစွဲနေကြတဲ့ မိဘပြည်သူများအားလုံးကို Be Wine မိသားစုက ကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝရေချိုးဆပ်ပြာရည်အမျိုးမျိုးနဲ့ လူသုံးကုန်တွေကိုလည်း ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ အားပေးသုံးစွဲကြပါဦးလို့ ပြောချင်ပါတယ်။
မေး။ ။ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်း ဆောင်ရွက်လိုသူတွေအတွက် အကြံပေးစကားလေး ပြောကြား ပေးပါဦး။
ဖြေ ။ ။ ဆောင်ရွက်လိုတဲ့လုပ်ငန်းကို သေချာရွေးချယ်ဖို့ ပြောကြားလိုပါတယ်။ မိမိမှာရှိတဲ့ငွေကြေးအင်အားနဲ့ နိုင်တဲ့လုပ်ငန်းမျိုးကို စတင်ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ အသီးအနှံတွေနဲ့ သဘာဝသယံဇာတတွေ ပေါများစွာထွက်ရှိတဲ့အတွက် လုပ်ငန်းတွေဆောင်ရွက်ရင်လည်း အောင်မြင်နိုင်ပါတယ်။ လိုအပ်တဲ့နည်းပညာအတွက်လည်း ကျွန်တော့်လိုပဲ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အကြံပြုပြောကြားလိုပါတယ်။
မေး။ ။ နိုင်ငံတော်က MSMEs လုပ်ငန်းများကို အားပေးနေတဲ့အချိန်မှာ MSMEs နဲ့ ပတ်သက်တဲ့ဌာနတွေက လုပ်ငန်းကို ဘယ်လိုပံ့ပိုးပေးမှုတွေရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ပံ့ပိုးမှုများစွာရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ ကျွန်တော်ရဲ့ထုတ်ကုန်တွေကို ဓာတ်ခွဲစမ်းသပ်မှုတွေဆောင်ရွက်ပြီး ဘေးဥပဒ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်ခြင်းမရှိဘဲ အများပြည်သူ ယုံယုံကြည်ကြည်နဲ့ သုံးစွဲရန်သင့်လျော်ကြောင်း ဓာတ်ခွဲအဖြေတွေရရှိခဲ့ပါတယ်။ လုပ်ငန်းကိုလည်း မှတ်ပုံတင်ဆောင်ရွက်ထားရှိပါတယ်။ မှတ်ပုံတင်ထားတဲ့အတွက် သုံးစွဲသူတွေ ယုံကြည်စိတ်ချမှုရရှိစေပါတယ်။ ဈေးကွက်မှာ တရားဝင်ဖြန့်ဖြူးရောင်းချခွင့်ရှိတယ်။ ပြည်တွင်းပြည်ပ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေ တက်ရောက်ခွင့်ရှိပြီး ထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲနဲ့ဈေးရောင်းပွဲတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရမှာဖြစ်ပါတယ်။ ဌာနကလည်း အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးပြီး စျေးကွက်ကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။
မေး။ ။ နိုင်ငံတော်က MSMEs လုပ်ငန်းတွေကို အားပေးနေတဲ့အပေါ် အမြင်ကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင်လုပ်ငန်း ဆောင်ရွက်လိုသူတွေအတွက်လည်း အခွင့်အလမ်းကောင်းပါပဲ။ ဒေသအလိုက်ထုတ်ကုန်တွေ ပေါများစွာထွက်ရှိလာနိုင်ပြီး ပြည်တွင်းသာမက ပြည်ပစျေးကွက်လည်း ရရှိလာမှာဖြစ်ပါတယ်။ ပြည်သူလူထုအတွက်လည်း အလုပ်အကိုင်တွေ တိုးတက်ရရှိလာနိုင်ပြီး ဝင်ငွေလည်းတိုးတက်လာမှာဖြစ်ပါတယ်။ မိမိရဲ့ကြိုးစားအားထုတ်မှု ကံ၊ ဉာဏ်၊ ဝီရိယအပေါ်မူတည်ပြီး အောင်မြင်ကြမှာဖြစ်ပါတယ်။