Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မုံရွာ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီခွဲက မုံရွာမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (အလုံ)၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဝင်းညွန့်အောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဦးဇော်လင်းထွန်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး‌နောက် စု‌ပေါင်းမှတ်တမ်းတင်ဓါတ် ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အ.ထ.က(၁)အလုံမှ ကျောင်းသား ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်‌က အမှာစကားပြောကြားသည်။

 

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက မုံရွာမြို့နယ်အတွင်းမှ အလယ်တန်းအဆင့် ကျောင်းစာကြည့်တိုက်(၁၁)တိုက်အတွက် တစ်တိုက်လျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ငွေကျပ်(၅၅)သိန်းကို ပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေမှူးဦးစိုးသိုက်က လည်းကောင်းကျောင်း စာကြည့်တိုက် (၁၁)တိုက်အတွက် စာအုပ်စာစောင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးဒေါ်မြင့်မြင့်အောင်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်တို့က အသီးသီးပေးအပ်ရာ သက်ဆိုင်ရာ အလယ်တန်းကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြပြီးနောက် အခြေခံပညာ အလယ်တန်းကျောင်းများကိုယ်စား အခြေခံပညာလေ့ကျင့်ရေး အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးလွင် ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြခန်းများ၊ တိုင်းဒေသကြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးပြခန်းများ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့်ကျောင်းသား၊ ကျောင်းသူများ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပနေမှုတို့ကိုလည်းကောင်း၊ ရုပ်ပုံဆက်၊ စကားပုံဆက်၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲနှင့် ပူဖေါင်း‌ဖောက်ပြိုင်ပွဲများတွင် ကလေးငယ်များ ပါဝင်ယှဥ်ပြိုင်နေမှုများအား လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးနောက် လင်းရောင်ခြည် ကျောင်း‌စာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူလေးများ စာပေလေ့လာဖတ်ရှုနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀၀၀)ကျော်ညပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသည်။

ခရိုင်(ပြန်/ဆက်)