ရန်ကုန် ဇူလိုင် ၂၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ မစ္စတာငုယင်ဖုကျောက် ကွယ်လွန်ခြင်းအတွက် သီရိမင်္ဂလာလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား လက်မှတ်ရေးထိုးနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ၂ နာရီတွင် ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Quoc Tuan ၊ စစ်သံမှူး Mr. Dao Van Duy နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးသည် ဗီယက်နမ်သံရုံးမှ သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ဗီယက်နမ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ကွယ်လွန်ခဲ့ခြင်းအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဝမ်းနည်းကြောင်း၊ စာနာထောက်ထားကြောင်း သတင်းစကားအား နှစ်ဦးနှစ်ဖက်အပြန်အလှန်ပြောကြားခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
မစ္စတာ ငုယင်ဖုကျောက်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်း ရေးမှူးအဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်