Skip to main content

မြန်မာ့အမွေအနှစ်၊ ကမ္ဘာ့အမွေအနှစ်

ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုလုံးကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဘုရားပုထိုး ဂူကျောင်း ၃၈၀၀ ကျော် တည်ရှိနေဆဲဖြစ်သည့် ပုဂံဒေသတစ်ခုလုံးသည် ၂၀၁၄ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းထောင်ချီ၍ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် ပုဂံ‌ဒေသသည် မြန်မာနိုင်ငံ၏ သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်များအရ အရေးပါသကဲ့သို့ပင် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းကြောင့် နိုင်ငံတကာစံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင်ကာကွယ်စောင့်ရှောက်ထားသည့် နေရာလည်းဖြစ်သည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများနှင့်အတူ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများလည်း ရှိနေပြီး ခေတ်အဆက်ဆက်ကပင် ခိုးယူ၊ ဖျက်ဆီးခံရမှုများကြောင့် ပျက်စီးပျောက်ဆုံးမှု များစွာရှိခဲ့သည့်အပြင် သဘာဝဘေးဒဏ်များကြောင့်လည်း ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ငလျင်ဘေးဒဏ်နှင့် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ အမြောက်အမြားရှိသည့်အတွက် ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် မိမိတို့အနေဖြင့် တာဝန်ရှိကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စိုက်ပျိုးမြေသုံးစွဲမှု အပါအဝင် အခြားမြေအသုံးချမှုများ စနစ်တကျရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး သတ်မှတ်ထားသည့် စည်းမျဉ်းဥပဒေများနှင့်အညီ ဖြစ်ရန်လိုကြောင်း” စသည်ဖြင့် မှာကြားခဲ့သည်။

ယခုအခါ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေစီးလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ပြုပြင်ထိန်းသိမ်းခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း၍ ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း ခြင်း၊ ပုဂံဒေသအတွင်း ပြည်တွင်း ပြည်ပခရီးသွားများ လည်ပတ်ရာတွင် အဆင်ပြေစွာသွားလာနိုင်ရေးအတွက် လမ်းများကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ယဉ်‌ကျေးမှု၏ ခမ်းနားထည်ဝါသောဂုဏ်ဒြပ်ကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်သည့်ပုဂံကို အနာဂတ်ကာလများသို့တိုင် ထာဝရတည်တံ့စေရေးအတွက် မြန်မာတစ်မျိုးသားလုံးက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် တာဝန်ရှိသည်။ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို မဆင်မခြင်လုပ်ရပ်များဖြင့် ဖျက်လိုဖျက်ဆီးမပြုရန်နှင့် မြင်တွေ့ပါကလည်း တားဆီးကြရန်လိုအပ်သည်။

ပုဂံသည် မြန်မာ့အမွေအနှစ်ဖြစ်သလို ကမ္ဘာ့အမွေအနှစ်လည်း ဖြစ်သည့်အလျောက် ပုဂံနှင့်ပတ်သက်သမျှ အပိုင်းအစကလေးတစ်ခုမျှသည်ပင် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိသည့်အားလျော်စွာ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်သာမက မြန်မာတို့၏ နှလုံးသားဖြင့်ပါ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။