Skip to main content

ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန် ဇူလိုင် ၂၄

မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့ကကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း (ခ) အောင်မြင်ပြီး ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန ဆေးတက္ကသိုလ် (၁) ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် ဒုတိယပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့ဥက္ကဋ္ဌတို့က အမှာစကားပြောကြား ကြပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ တာဝန်ရှိသူက ဆေးတက္ကသိုလ် (၁) ရန်ကုန်သို့ အလှူငွေများပေးအပ်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေး တက္ကသိုလ်(၂) ရန်ကုန်၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး) တို့မှ ဆေးပညာဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၄၇ ဦး အား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့အနေဖြင့် ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိသည့်ကျောင်းသားများကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဆေးပညာရပ်တွင် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ဆရာဝန်များကို ဂုဏ်ပြုချီးမြှင့်ခြင်းအားဖြင့် ယခုထက်ပိုမိုကြိုးစားချင်စိတ်ရှိလာစေရန်နှင့် အရည်အသွေးပြည့်ဝပြီး နိုင်ငံတော်နှင့် ပြည်သူကအားကိုးရသည့် မျိုးဆက်သစ်ဆရာဝန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်