Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဆုံမီးပွိုင့်အနီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိသည့် ရေဆင်းဆည်ရေသောက်စနစ်လက်ယာ (၂) မြောင်းမကြီးနှင့် မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့် သစ်တပ်ကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်းဟောင်းဘေး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်းသဲနုန်းတူးဖော်ခြင်း၊ အမှိုက်ဆယ်ခြင်း၊ အမှိုက်များထပ်မံပိတ်ဆို့မှုမရှိစေရေးနှင့် ရေဝပ်မှုများမရှိစေ ရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ရန်ကုန် - မန္တလေးကား လမ်းဟောင်းဘေးရှိ မေတ္တာကန်နှင့် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်တို့သို့ရောက်ရှိပြီး ကန်အတွင်း ကြာပန်းပင်များစိုက်ထည့်ထားရှိမှု၊ အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်ဝန်းကျင်တွင် ရာသီအလိုက်ပွင့်သည့် ပန်းပင်များ စိုက်ပျိုးထားရှိမှုများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ကန်တော်မင်္ဂလာ ရှမ်းကန်သာယာလှပရေးနှင့် ရေလယ်ဘုရားကျောင်းဆောင်တည်ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။

ဝိုင်းဝန်းကူညီဆောင်ရွက်

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတက်ရောက်၍ နေပြည်တော်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှပြောင်းရွှေ့လာသူများ စာရင်းပြုစုခြင်း၊ ပြောင်းရွှေ့ထွက်ခွာသူများ စာရင်းပြုစုခြင်းတို့ကို ပြန်လည်စိစစ်ဆောင်ရွက်ရေးနှင့် ၎င်းတို့မှထွက်ပေါ်လာသည့် အချက်အလက်များအရ အိမ်ထောင်စုလူဦးရေစာရင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ/မရှိ စာရင်းပြုစု၍ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆက်လက်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများတိကျမှန်ကန်စွာဖြေဆိုနိုင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့်အခြေအနေများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဖြည့်စွက်ဆွေးနွေး

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ One Region One Product ထုတ်ကုန်များ ပိုမိုတိုးချဲ့ထုတ်လုပ်လာနိုင်ရေး၊ ပြည်ပဈေးကွက်နှင့် ချိတ်ဆက်တင်ပို့ရောင်းချနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားပြီး တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်